အီရန်အား အပြီးသတ် အနိုင်ရသည်အထိ ဆက်တိုက်ရန် ပင်လယ်ကွေ့မဟာမိတ်များက ထရမ့်ကို တိုက်တွန်း

By The Washington Post

အီရန်အပေါ် ဆင်နွှဲနေသောစစ်ပွဲကို ဆက်လက်လုပ်ဆောင်ရန် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပင်လယ်ကွေ့မဟာမိတ်နိုင်ငံများက သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းနေကြောင်း အမေရိကန်၊ ပင်လယ်ကွေ့နှင့် အစ္စရေးအရာရှိများ၏ ပြောကြားသည်။

အမေရိကန်ဦးဆောင်သော တစ်လကြာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်၏အင်အားမှာ သိသာစွာ လျော့ပါးသွားခြင်းမရှိသေးဟု ၎င်းတို့က အကြောင်းပြထားသည်။

စစ်ပွဲစတင်ချိန်က အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကြိုတင်အကြောင်းကြားခြင်း မခံရမှုအပေါ် မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း၊ လက်ရှိအခြေအနေသည် အီရန် ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်မှုကို အပြီးတိုင် ချိုးနှိမ်ရန် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း အဆိုပါဒေသတွင်း မဟာမိတ်အချို့က အိမ်ဖြူတော်သို့ တင်ပြနေကြသည်။

အီရန်ခေါင်းဆောင်ပိုင်းတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း သို့မဟုတ် အီရန်၏ အပြုအမူများ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိမချင်း စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို မရပ်တန့်စေလိုကြောင်း ဆော်ဒီအာရေဗျ၊ UAE၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့မှ အရာရှိများက သီးသန့်ဆွေးနွေးမှုများတွင် ပြောကြားခဲ့ကြသည်။

အီရန်၏ ခေါင်းဆောင်ပိုင်းမှာ ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်၍ စစ်ပြေငြိမ်းရန် အသင့်ဖြစ်နေပြီဟု ဆိုခြင်းနှင့် အကယ်၍ သဘောတူညီချက် မရရှိပါက စစ်ပွဲကို ပိုမိုအရှိန်မြှင့်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြား ထရမ့်က ဝေခွဲမရဖြစ်နေချိန်တွင် ပင်လယ်ကွေ့နိုင်ငံများ၏ တိုက်တွန်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။