အမြန်လမ်းပေါ် ကင်းလှည့်ရဲကား စောင့်တိုက်ခံရပြီး ၁၀ဦးသေဆုံးဟုဆို

ဓာတ်ပုံ - PLA
တိုက်ပွဲဝင် PLA ရဲဘော်များ။

31 Mar 2026 By / MPA

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရဲယာဉ်တန်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးကြောင်း သိရသည်။

မတ်လ ၃၀ရက်၊ မွန်းတည့် ၁၂နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ ဝန်းကျင်တွင် အင်အား ၂၀ ဝန်းကျင်ဖြင့် ကင်းလှည့်ထွက်လာသော ကား ၄စီးပါ ရဲကားယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က သတင်းထုတ်ပြန်သည်။

” တိုက်ပွဲကတော့ ကိုယ့်ဘက်ကနေ တစ်ဖက်သတ်သေချာစောင့်ပြီးတော့ ပစ်နိုင်ခဲ့တာပေါ့။ ၂၅ မိနစ် ကြာလောက် ရန်သူဖြတ်သွားတဲ့အချိန် ပစ်ခတ်ဝာာပေါ့။ရန်သူ့ရဲ့ကားကို ထိမှန်ပေါက်ကွဲတာရော၊ ထိခိုက်တာကိုပါ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့ရတယ်။ ပြီးတော့ ရန်သူ့ကားက ဆက်မောင်းပြေးသွား တာမျိုးတွေလည်း ရှိတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းနိုင်ခဲ့တဲ့ အခြေအနေတော့ မရှိဘူးဗျ ” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးက MPA ကို ပြောသည်။

ရဲ ၁၀ ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူများစာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

” အဲဒီယာဉ်တန်းက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကင်းလှည့်၊ ဂိတ်ထိုးပြီး ပိုက်ဆံကောက် နေသော ရဲကားယာဉ်တန်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ပွဲအပြီးတွင် တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်၌ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အင်အားများစွာလည်း ဖြည့်တင်းထားကြောင်း PLA က ထုတ်ပြန်ထားသည်။

ရဲများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML