ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်တပ်မှ ထွက်ပြေးလာသည့် စစ်သားတစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ( မတ်လ ၃၁ရက် )၊ နံနက် ၇နာရီခန့်တွင် ဖလမ်းမြို့နယ်အရှေ့ခြမ်း၊ ဖလမ်း – ဝေဘူလကား လမ်းတစ်နေရာတွင် စစ်တပ်စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်သားတစ်ဦးကို ဒေသခံပြည်သူ များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖလမ်းမြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
” မတ်လ ၂၈ရက် ညပိုင်းက သူဖိုင်းကျေးရွာကို ဝင်တဲ့စစ်ကြောင်းကနေ ထွက်ပြေးလာတယ်လို့ ကြားတယ်။ သေနတ်ပါလား၊ မပါလားမသိတော့ ပြည်သူတွေတော့ အထိတ်တလန့်ဖြစ်နေတာ။ အဲနေ့ညကပဲ လူရိပ်မြင်လို့ လိုက်ဖမ်းကြသေးတယ်။ မမိလိုက်ပဲ ဒီမနက်မှ မိတာ။ ဘယ်နားမှာမိ လဲဆိုတော့ အဲဒီရွာတွေရဲ့ လုံခြုံရေးကြောင့် ပြောပြလို့မရဘူး။ ပြည်သူတွေကပဲ သူ့ကိုထိန်းသိမ်း ထားဆဲပါ” ဟု ၎င်းကပြောသည်။
ထွက်ပြေးလာသည့် ယင်းစစ်သားသည် အသက် ၃၂နှစ်အရွယ်ရှိ တပ်သားအောင်ထက်လင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်ကာ စစ်တပ်က အဓမ္မဖမ်းဆီးခြင်းခံရပြီးနောက် စစ်မှုထမ်းတပ် သားဖြစ်လာကြောင်း သိရသည်။
” သူ့ပြောပြချက်အရ ဖလမ်းရှေ့တန်းစစ်မျက်နှာ စကမတပ်ဖွဲ့ဝင်များ သေဆုံးသူ အလွန်များပြားနေ တယ်။ ဒဏ်ရာရရှိသူလည်း အများအပြားရှိတယ်။ စစ်တပ်က သူ့ကို ရှေ့တန်းမှာ လက်နက်ခဲယမ်းပဲ သယ်ခိုင်းတယ်။ သူ ဘယ်လိုမှ မနေနိုင်တော့လို့ အရဲစွန့်ပြီး ထွက်ပြေးလာရတာလို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်သားသည် ဇန်နဝါရီလ ၂၁ ရက်က ကလေးမြို့မှတစ်ဆင့် ဖလမ်းနယ်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကြောင်းနှင့်အတူ ဖလမ်းစစ်မြေပြင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မတ်လ ၂၈ရက်၊ ည ၁၀ နာရီတွင် ကလေး-သိုင်းငင်း-ဖလမ်း လမ်းမကြီးအတိုင်း စစ်ကြောင်းထိုး လာသည့် စစ်တပ်သည် စစ်ကား ၂ စီးဖြင့် သူဖိုင်းရွာထဲသို့ ဝင်ရောက်လာခဲ့ရာ CNDF ၊ CNA ပူးပေါင်းတပ်ဖွဲနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးပေ။
စာတည်း-ML
