SCEF သည် နိုင်ငံရေးအရမဖြစ်မနေ လိုအပ်သည့် စုဖွဲ့မှုတစ်ခုဖြစ်သော်လည်း၊ စိန်ခေါ်မှုများ ရှိနေဆဲဟုဆို

မကြာသေးမီက ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် မဖြစ်မနေ လိုအပ်သည့် စုဖွဲ့မှုတစ်ဖြစ်သော်လည်း၊ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

“ဒီစုဖွဲ့မှုဟာ တချိန်တည်းမှာ အင်အားကြီးလို့ ဆိုနိုင်တဲ့ အဖွဲ့အစည်းတွေ စုဖွဲ့ထားကြတယ်ဆိုပေမယ့် အားလုံးလွှမ်းခြုံနိုင်မှု မရှိသေးဘူးဆိုတဲ့အချက်ကိုလည်း အစကနဦးကတည်းကကို အသိအမှတ်ပြု လက်ခံထားဖို့ လိုပါတယ်။ ဒီအခြေအနေမှာ အားလုံးကို စုစည်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် အားလုံးစုံလင်အောင် မပါသေးဘူးဆိုတာကို လက်ခံမှုနဲ့ အားလုံးပါဝင်မှုအတွက် လမ်းဖွင့်ထားဖို့ အဆင်သင့်ရှိတဲ့ ရင့်ကျက်မှု လိုအပ်ပါတယ်။ အားလုံးစုံလင်ဖို့ဆိုရာမှာ အဖွဲ့အစည်း အမျိုးအစားပေါင်းစုံ ပါဝင်မှုကို မဆိုလိုပါ။ အခုဦးဆောင်တဲ့ အဖွဲ့ ၆ ဖွဲ့နဲ့ အမျိုးအစားတူ အဖွဲ့တွေကို ဆိုလိုပါတယ်။”ဟု မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် ကိုထင်ကျော်အေး ကဆိုသည်။

တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးမှတစ်ဆင့် စုံလင်ကွဲပြားသော လူ့အဖွဲ့အစည်းအတွင်း စစ်မှန်သည့် တန်းတူညီမျှရေး၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေကြသည့် ရဲဘော်အချို့မှာ လက်ရှိနိုင်ငံရေး အကူးအပြောင်းများအပေါ် စိတ်ပျက်အားမလိုအားမရ ဖြစ်ကောင်းဖြစ်နေနိုင်ကြောင်း ကိုထင်ကျော်အေးက ထောက်ပြထားသည်။

“ဒီစုဖွဲ့မှုဟာ စစ်ကော်မရှင်ကို နိုင်ငံရေးအရရော စစ်ရေးအရပါ ဖိအားပေးနိုင်စွမ်း ပိုရှိလာမှာဖြစ်ပေမယ့်၊ တခြားသော အဖွဲ့အစည်းငယ်တွေ ဒါမှမဟုတ် မြေပြင်သပိတ်အင်အားစုတွေကြားမှာ ငါတို့ကော ဖယ်ကျဉ်ခံထားရပြီလားဆိုတဲ့ စိုးရိမ်စိတ် (Marginalization) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒါတွေ မဖြစ်ပေါ်ဖို့အတွက် မဟာမိတ်တွေ ထပ်တိုးအောင်လုပ်ဖို့လိုတယ်”ဟု လူငယ်သပိတ်မြေပြင်ဖော်ဆောင်နေသူတစ်ဦးက ဆိုသည်။

ယနေ့နွေဦးတော်လှန်ရေးသည် ဦးဆောင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းများအတွက် လူမျိုးစုနှင့် ဒေသအလိုက် တန်းတူညီမျှရေးကိုသာ အဓိကရည်ရွယ်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့သာ ဦးတည်နေသည်မှာ ငြင်းမရသော အရှိတရား ဖြစ်နေပြီးတိုးတက်သော အမြင်ရှိကြသည့် တော်လှန်ရေးရဲဘော်များအတွက်မူ ဤနွေဦးတော်လှန်ရေးသည် ပန်းတိုင်မဟုတ်ဘဲ ခရီးလမ်းတစ်ထောက် သာဖြစ်ကြောင်းကိုထင်ကျော်အေးကဆိုသည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနည်းကျ တာဝန်ခံမှုနှင့် ရေရှည်ငြိမ်းချမ်းရေးကို အာမခံနိုင်သည့် နိုင်ငံရေးစနစ်တစ်ခုကို အခြေခံအဖြစ် ဦးစွာရရှိမှသာ အားလုံးမျှော်လင့်သည့် လူမှုအဖွဲ့အစည်းကို ရေရှည်တည်ဆောက်သွားနိုင်မည် ဖြစ်ပြီး တူညီသော ဦးတည်ချက်မှ သွေဖီမသွားသရွေ့ မည်သည့်စုဖွဲ့မှုကိုမဆို ခရီးတစ်ထောက်တွင် အတူတူလက်တွဲရမည့် ရဲဘော်ရဲဘက်များအဖြစ် သတ်မှတ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

” နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် ဖက်ဒရယ်မူ ချမှတ်ရေး ဆိုတဲ့ အနိမ့်ဆုံး ဘုံသဘောတူညီချက် အပေါ်မှာ သွားနေတာ ဖြစ်ပါတယ်။ ဒီလမ်းတထောက်ကို မဖြတ်ကျော်ဘဲနဲ့ ကျနော်တို့ မျှော်လင့်တဲ့ စစ်မှန်တဲ့ လွတ်လပ်ခွင့် ဆီကို သွားလို့မရနိုင်ပါဘူး။” ဟု နိုင်ငံရေးလေ့လာနေသူ လူငယ်တစ်ဦးကဆိုသည်။

တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးပေါင်းကာ မတ် ၃၀ရက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း