ထိုင်းမှ နေ့စဉ် လောင်စာဆီ လီတာ သုံးသိန်း မြန်မာအတွင်း တင်ပို့သော်လည်း ပြည်သူများ မလုံလောက်

Photo - MPA

ထိုင်းနိုင်ငံမှ နေ့စဉ် လောင်စာဆီ လီတာ သုံးသိန်း မြန်မာနိုင်ငံအတွင်း တင်ပို့လျက်ရှိသော်လည်း ပြည်သူများ လောင်စာဆီ လုံလောက်မှုမရှိကြောင်း သိရသည်။

တင်သွင်းလာသည့် လောင်စာဆီများသည် စစ်ကော်မရှင်ထံသို့ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်တစ်မြို့တည်းပင် လောက်ငှမှုမရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“နေ့တိုင်း ဆီလီတာ ၃ သိန်းက ရန်ကုန်တစ်မြို့အတွက်တောင် မလောက်ဘူး။ ထိုင်းက လောင်စာဆီကို စစ်ကော်မရှင်ဆီကိုပဲ ပေးတာဆိုတော့ ပြည်သူတွေ အဆင်ပြေပြေနဲ့ တိုက်ရိုက်သုံးခွင့်ရမှာတော့ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံရှိ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံထံမှ ဆက်လက်တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံဆီသို့ လောင်စာဆီ တင်ပို့ပေးနေရခြင်းဖြစ်ပြီး လက်တလောကာလအတွင်း လောင်စာဆီတင်ပို့မှုကို ပိတ်ပင်သွားမည်မဟုတ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်သည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင်က အိမ်နီးချင်း လာအိုနှင့် မြန်မာနိုင်ငံတို့ကို လောင်စာဆီ တင်ပို့ပေးနေမှာဖြစ်ကာ အခြားနိုင်ငံများကိုမူ လောင်စာဆီတင်ပို့မှုများကို တားမြစ်ထားသည်။

ထိုင်းနိုင်ငံမှ လောင်စာဆီနေ့စဉ် တင်ပို့ပေးနေသော်လည်း မြန်မာနိုင်ငံအတွင်း ဆီဆိုင်များတွင် ဆီရရှိရန်အတွက် ကား၊ ဆိုင်ကယ်များ နေ့စဉ်တန်းစီဝယ်ယူနေရပြီး စက်သုံးဆီပြတ်လပ်မှုနှင့်အတူ ဆီဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ဆီဆိုင်တွေမှာ ဈေးတက်နေလည်း ဆီက တန်းစီထည့်ရမှာပဲ။ အပြင်မှောင်ခိုပေါက်ဈေးက တစ်လီတာကို တစ်သောင်းကျော်ဖြစ်နေတာ” ဟု ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဆီဆိုင်များ၌ 92 တစ်လီတာလျှင် ၄,၅၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၄,၉၀၀ ကျပ် နှင့် ဒီဇယ်တစ်လီတာလျှင် ၆,၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

စစ်ကော်မရှင်သည် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကားနံပါတ်အလိုက် စုံ၊ မ ခွဲကာ အလှည့်ကျဆီထည့်စနစ်၊ Bar Code များဖြင့် ဆီဝယ်ယူရသောစနစ်များဖြင့် လုပ်ဆောင်နေသော်လည်း စက်သုံးဆီ ဝယ်ယူရရှိရေးအတွက် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေဆဲဖြစ်သည်။

“အခက်အခဲကို ဖြေရှင်းနိုင်မယ့်၊ လက်တွေ့ကျတဲ့ နည်းလမ်းကို မသုံးဘဲ၊ ဥပဒေတွေ လျှောက်ထုတ်ပြီးတော့ လုပ်တော့ ပြည်သူတွေက ပိုကြပ်တည်းသွားတာပဲ ရှိတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စုံစမနစ်ကို မလိုက်နာဘဲ ယာဉ်မောင်းနှင်ခြင်း ပြုလုပ်ပါက မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ဒဏ်ငွေအနေဖြင့် မြန်မာငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိလည်းကောင်း၊ ထောင်ဒဏ်အနေဖြင့် တစ်လမှ သုံးလအထိလည်းကောင်း ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် စက်သုံးဆီပြတ်လပ်မှုပြဿနာ ဖြေရှင်းရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆွေးနွေးခဲ့မှုအရ မတ်လ ၂၄ ရက်မှ စတင်ကာ ထိုင်းရေနံတင်သင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ရခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စာတည်း – ကိုဆန်း