အကြမ်းဖက် မင်းအောင်လှိုင် ပြည်သူ့ဆန္ဒနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့နေဟုဆို

Photo - AFP

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တို့သည် ပြည်သူ့ဆန္ဒနှင့် ဒေါ်အောင် ဆန်းစုကြည်ကို ကြောက်ရွံ့နေကြကြောင်း ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောကြားလိုက်သည်။

မတ်လ၃၁ရက်၊ အမည်ခံပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်သည့် ဇာတ်ညွှန်း ထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ နေ၍ အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။

“ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေထံက အာဏာကို လုယူခဲ့တယ်။သူတို့ သိပ်ကြောက်တတ်တယ်။ပြည်သူတွေရဲ့ ဆန္ဒကို ကြောက်တယ်။ကျနော့်မေမေ ဒေါ်အောင်ဆန်းစု ကြည်ကို ကြောက်တယ်။ မေမေ့ပါတီရဲ့ မှန်ကန်စွာရတဲ့ အနိုင်ရလဒ်ကိုလည်း ကြောက်တယ်။ ဒါ ကြောင့် သူတို့ အာဏာသိမ်းခဲ့ပြီး အမှန်တရားကို ကမ္ဘာကြီးရှေ့က ဖုံးကွယ်ဖို့ ဆက်ပြီး ကြိုးစားနေ ကြတာပါ”ဟု ၎င်းက ဆိုသည်။

ယခုအခါ သိမ်းယူထားသောအာဏာကို အရပ်သားအစိုးရ ပြန်လည်ထူထောင်ခြင်းအဖြစ် ပုံဖော်ရန် ကြိုးစားနေကြောင်းလည်း ဆိုသည်။

“ကမ္ဘာ့ခေါင်းဆောင်များခင်ဗျား၊ဒီ ရက်စက်တဲ့ အာဏာရှင်နဲ့အပေါင်းပါတွေကို တရားဝင်ခွင့်မပြုပါနဲ့။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို သူတို့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံစေပါ၊ ဒီနေ့ထိ ဆက်လက်ဖြစ်ပွားနေတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ ကလေးတွေကို သတ်ဖြတ်မှုတွေအတွက်ပါ။ဒါကို အဆုံးသတ်ရမယ်”ဟု ကိုထိန်လင်းက ဆက်လက်ပြောသည်။

ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ဖမ်းဆီးခံထားရ ဆဲဖြစ်ပြီး ကမ္ဘာကြီးနှင့် အဆက်ဖြတ်ခံထားရကြောင်း လည်း ပြောသည်။

“ကျနော် မင်းအောင်လှိုင် ကို တိုက်တွန်းလိုပါတယ်။ မေမေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်း သား အား လုံး အသက်ရှင်နေသေးကြောင်း သက်သေကို ချက်ချင်း ပြသပေးပါ”ဟုလည်း ကိုထိန်လင်း ကပြောသည်။
အာဏာသိမ်းစစ်အုပ်စုက အရပ်သားအစိုးရ ပြန်လည်ထူထောင်ခြင်းအဖြစ် ပုံဖော်နေခြင်းမှာ ဒီမိုက ရေစီမဟုတ်ဘဲ လိမ်လည်မှုသာဖြစ်ကြောင်းလည်း ဆိုသည်။

စာတည်း-ML