ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်သည် ယနေ့(ဧပြီ ၁ရက်) တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ကိုဂျိမ်းစ်ကို စစ်ကော်မရှင်က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် မတ်လအတွင်း၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ဟန့်တားခြင်း ခံထားရသူတစ်ဦးလည်း ဖြစ်သည်။
ယခင်ကလည်း ကိုဂျိမ်းစ်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရဖူးပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ဖူးသည်။
၎င်းသည် ၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပုဒ်မများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်သည်။
