စစ်အုပ်စုရဲ့ အကျဉ်းသား “လွတ်ငြိမ်းချမ်းသာခွင့်” သည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြယုဂ်မဟုတ်

By ကိုဘိုကြည် [ ဆောင်းပါး ]

စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်အကျဥ်းချရာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို လက်နက်တစ်ခုအဖြစ် အဓိကသုံးလေ့ရှိတယ်။ အဲဒီဥပဒေအရ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ၊ တရားစွဲဆိုခံနေရသူတွေ အပါအဝင် အကျဥ်းသား ၇၃၃၇ ဦးကို “လွတ်ငြိမ်းချမ်းသာခွင့်” အမည်တပ်ပြီး လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကြေညာခဲ့တယ်။

လတ်တလောကျင်းပခဲ့တဲ့ စစ်တပ်ရဲ့အတုအယောင် ရွေးကောက်ပွဲအပြီး အခုလို အကျဥ်းသားအမြောက်အမြားကို အလွှတ်ပြတဲ့လုပ်ရပ်ဟာ အပေါ်ယံအားဖြင့် လူသားချင်းစာနာထောက်ထားမှုကိုပြသတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမဲ့ တကယ်တမ်းကျတော့ စစ်တပ်က သူတို့ရဲ့တရားဝင်မှုကို ဖန်တီးယူနေတာသာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်ရှုတ်ချမှုတွေကို လှည့်ဖျားဖို့အတွက် သုံးလေ့သုံးထရှိတဲ့ ပရိယာယ်တစ်ခုထက် မပိုပါဘူး။

ဒီပြည်ဖုံးကားချပ်ရဲ့ နောက်ကွယ်မှာတော့ မတရားအကျဉ်းချခံထားရတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပိုမိုဆိုးရွားတဲ့ ထောင်တွင်းဖိနှိပ်မှုတွေနဲ့ တိုင်းပြည်အနှံ့ စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကတော့ ရပ်တန့်မသွားဘဲ အရှိန်အဟုန်နဲ့ ဆက်ရှိနေဆဲပါ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေနဲ့ အကျဉ်းထောင်တွေထဲကနေ လွတ်မြောက်လာသူတွေကို အတည်ပြုနိုင်ဖို့ အွန်လိုင်းသတင်းအရင်းအမြစ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ အချိတ်အဆက်တွေကို စောင့်ကြည့်မေးမြန်းလျက်ရှိပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ အတွေ့အကြုံတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေက အေအေပီပီရဲ့ အချက်အလက်တွေနဲ့ ထုတ်ပြန်ချက်တွေကို ယုံကြည်စိတ်ချစွာ မှီငြမ်းကိုးကားနေကြပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာချိန်မှာ မလုံခြုံတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ နယ်စပ်ဒေသကို ထွက်ခွာလာပြီး အေအေပီပီကို စုစည်းတည်ထောင်ခဲ့ပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကြုံတွေ့ခံစားခဲ့ရတဲ့ အခြေအနေတွေကို တိကျစွာ အထောက်အထား ကောက်ယူရုံသာမက အနာဂတ်မျိုးဆက်တွေကို လူ့အခွင့်အရေးဆိုင်ရာ ပညာပေးတာတွေ၊ ပဋိပက္ခကြောင့် စိတ်ဒဏ်ရာရရှိခဲ့တဲ့ နစ်နာသူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတာတွေနဲ့ အကူအညီလိုအပ်သူတွေကို ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပါတယ်။

အာဏာသိမ်းပြီးကတည်းက ကြေညာခဲ့တဲ့ အရင်လွတ်ငြိမ်းချမ်းသာခွင့်တွေနည်းတူ မြန်မာစစ်တပ်က အခုတစ်ခေါက်မှာလည်း လွတ်မြောက်လာသူတွေရဲ့ အမည်စာရင်းကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါ့အပြင် လွှတ်ပြီးမှပြန်ဖမ်းတဲ့ အရေအတွက်ကိုလည်း ထိမ်ချန်ထားပါတယ်။

ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအောက်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၃၃၇ ဦးလုံး အမှန်တကယ် လွတ်မြောက်ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးပါဘူး။ ဥပမာပြရမယ်ဆိုရင် မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီဟာ လွတ်ငြိမ်းစာရင်းမှာပါပေမဲ့လည်း လက်လှမ်းမီတဲ့သတင်းတွေအရတော့ သူမဟာ ဆက်လက်ထိန်းသိမ်းခံနေရဆဲပါပဲ။ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်မတိုင်ခင်အထိ စစ်အုပ်စုက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၂၂၀၀၀ ကျော် ချုပ်နှောင်ထိန်းသိမ်းထားတယ်ဆိုတာကို အေအေပီပီက အတည်ပြုထားနိုင်ပါတယ်။

အခုလွတ်ငြိမ်းထုတ်ပြန်ချက်ဟာ သံတိုင်နောက်ကွယ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ရင်ဆိုင်ချမှတ်ခံထားရတဲ့ ထောင်နှင့်ချီတဲ့ အကျဥ်းသားများစွာကို မျှော်လင့်ချက် တစ်စုံတစ်ရာ မပေးနိုင်ပါဘူး။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ရဲစခန်း၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံရစဥ် သေဆုံးခဲ့ရတဲ့ လူပေါင်း ၂၀၀၀ ကျော်ဟာလည်း ဘယ်သောအခါမှ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။

တချိန်တည်းမှာပဲ နိုင်ငံတဝန်း စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကတော့ ရပ်တန့်မနေပါဘူး။ ဘယ်လိုပဲ စစ်တပ်က အကျဉ်းသားတွေကို ဟန်ပြလွှတ်ငြိမ်းပေးပြီး ဝါဒဖြန့်နေပေမဲ့ သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကတော့ မြေပြင်မှာ စစ်ဆင်ရေးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ “လွတ်ငြိမ်းချမ်းသာခွင့်” မကြေညာခင် တစ်ရက်အလို မကွေးတိုင်းမှာ စစ်တပ်က သုံးရက်ကြာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကုန်စည်ပို့ဆောင်ရေးကားတွေ ထိမှန်ခဲ့ပြီး အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။

အကျဥ်းထောင်အသီးသီးက လွတ်မြောက်လာသူတွေဟာ စစ်မှန်တဲ့လွတ်လပ်မှုကို လက်လှမ်းမမီဘဲ ဝေးကွာနေဆဲဖြစ်ကာ အကျဉ်းထောင်အတွင်းထဲကနေ အုတ်ရိုးပြင်ပ နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်ခံထားရတဲ့ဘဝကို ပြောင်းလဲရောက်ရှိသွားတာဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ စစ်ထောက်လှမ်းရေးတွေရဲ့ အမြဲမပြတ် စောင့်ကြည့်တာကိုခံနေရပြီး တက်ကြွလှုပ်ရှားတာ ဒါမှမဟုတ် အတိုက်အခံ တစ်စုံတစ်ရာပြုလုပ်တယ်လို့ ယူဆခံရရင် အချိန်မရွေး ပြန်ဖမ်းခံရနိုင်တဲ့ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားအများစုဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေဖြစ်တယ်။ စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းမှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေချိန်မှာ ဒီလူငယ်တွေက သူတို့ကို ထောင်သွင်းအကျဉ်းချခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာ စစ်မှုထမ်းဖို့ အတင်းအကျပ် စေခိုင်းခံရနိုင်တဲ့ အခြေအနေဆိုးကို ကြုံတွေ့နေရတယ်။ အကျဥ်းထောင်အပြင်ကနေ နောက်ထပ်စောင့်ကြိုနေတဲ့ ခါးသီးမှုကတော့ နိုင်ကျဥ်းအများစုဟာ ပြန်စရာအိမ်မရှိခြင်းပါ။

တချို့တွေရဲ့နေရပ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်မီးဝိုင်းနေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းလိုမျိုး အနောက်မြောက်ပိုင်းဒေသတွေကဖြစ်တယ်။ အဲဒီဒေသက ကျေးရွာတွေကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ မြေပြင်မှာ မီးလောင်တိုက်သွင်းတာတွေကြောင့် လူပေါင်းသိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရတယ်။ သူတို့ရဲ့မိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ခိုလှုံစရာနေအိမ် မရှိတော့တာကို လွတ်မြောက်လာတဲ့အချိန်ကျမှ သိရတဲ့အတွက် ယူကြုံးမရဖြစ်နေကြတာကို ရင်နင့်ဖွယ်ရာ မြင်တွေ့ရတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ အကျဉ်းထောင်အတွင်းမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း နှိပ်စက်ညှဉ်းပန်းဒဏ်တွေကို ခါးစည်းခံခဲ့ရပြီး ရလာတဲ့ဒဏ်ရာဒဏ်ချက်တွေကို လုံလောက်တဲ့ ကုသမှုမရခဲ့တဲ့အတွက် ရေရှည်မသန်စွမ်းဖြစ်သွားရတဲ့သူတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ အကျဥ်းထောင်မှ လွတ်မြောက်လာရုံနဲ့တင် မလုံလောက်ဘဲ သူတို့ရဲ့ရှေ့ဆက်မဲ့ဘဝအတွက် စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုတွေကတော့ မဖြစ်မနေ ဆက်လက်လိုအပ်နေဦးမှာပါ။

စစ်အုပ်စုရဲ့လက်ခုပ်ထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေလည်း အခုချိန်ထိ အကျဥ်းထောင်တွေမှာ ဆက်လက်ပိတ်လှောင်ခံထားရဆဲပါ။ ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေကို ပြင်ပနဲ့ အဆက်သွယ်ဖြတ်ပြီး ဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက် သူတို့တွေရဲ့ကျန်းမာရေးအပေါ်ကိုလည်း စိုးရိမ်ပူပန်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူအများစုရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိနေတယ်။ ဒါ့အပြင် ဆယ်စုနှစ်နဲ့ချီ တိုင်းပြည်က ယုံကြည်အားကိုးရဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ ဒီအချက်တွေအရ အနာဂတ်နိုင်ငံတော်ကို ပုံဖော်တဲ့အခါမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ သူမကို ဖယ်ထုတ်လို့ မရဘူးဆိုတာကို ပြည်သူလူထုက ယုံကြည်ထားဆဲပါ။

တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်အောက် နိုင်ငံရေး မငြိမ်မသက်မှု၊ စီးပွားရေး ကျဆင်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုတွေကြားမှာ ဦးမမော့နိုင်လောက်အောင် နစ်မွန်းနေရတယ်။ မြန်မာပြည်ဟာ စစ်အုပ်စုရဲ့ တရားလက်လွတ်လုပ်ရပ်တွေကြောင့် အရှေ့တောင်အာရှမှာ အပြုသဘောဆောင်တဲ့ မိတ်ဖက်နိုင်ငံဖြစ်မလာဘဲ ဒေသတွင်း ဝန်ထုတ်ဝန်ပိုးသာဖြစ်နေတယ်။

တရားဥပဒေစိုးမိုးရေးဟာ အလုံးစုံပျက်သုဥ်းသွားပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ လူကုန်ကူးတာ အပါအဝင် နယ်နမိတ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေလည်း ကြီးထွားကျယ်ပြန့်လာပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်တလျှောက်မှာရှိတဲ့ အကြီးစားအွန်လိုင်းအခြေပြု ငွေလိမ်ဂိုဏ်းတွေကလည်း အင်ဒိုနီးရှား အပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထားလာကြတယ်။ ဒါတွေအာလုံးက ဒီမိုကရေစီယန္တရားကို ဖျက်ဆီးပြီး ပြည်သူ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပါ။

တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ နိုင်ကျဉ်းတွေကို ဟန်ပြသက်သက် လွှတ်ပေးနေရုံနဲ့တော့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်သလို ကြီးမားထိရောက်တဲ့ နိုင်ငံရေးအပြောင်းအလဲလည်း ရှိလာမှာမဟုတ်ပါဘူး။ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေဟာ ဆက်လက်ရှိနေဦးမှာပါ။ ရွေးကောက်ခံခေါင်းဆောင်တွေကို အဓမ္မဆက်ပြီး ချုပ်နှောင်ထားမယ်ဆိုရင် စစ်မှန်တဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နိုင်မှာမဟုတ်ဘဲ တိုင်းပြည်ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ရင်ဆိုင်နေရဦးမှာပါ။

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုဖို့အတွက် စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံသားတစ်ဦးရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးခဲ့တဲ့အတွက် မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာပါ။ တရားမျှတမှု ကင်းမဲ့နေသရွေ့ မြန်မာပြည်နဲ့ ဒေသတွင်းနိုင်ငံတွေအတွက် ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

စစ်တပ်က ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့ဆန္ဒကို လေးစားရပါမယ်။ ရွေးကောက်ခံခေါင်းဆောင်တွေ မလွတ်မြောက်သေးသရွေ့ စစ်တပ်ရဲ့ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်တွေဟာ မြန်မာပြည်အနှံ့ မတည်ငြိမ်မှုတွေကို ပိုမိုကြီးထွားစေပြီး ဒေသတွင်းနိုင်ငံတွေအပေါ် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆက်လက်ရိုက်ခတ်နေဦးမယ်ဆိုတာကတော့ မလွဲဧကန်ပါပဲ။