မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း သဘာဝသယံဇာတနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစု များကြား ဖြစ်ပွားနေသည့် ပွတ်တိုက်မှုများကို ဆွေးနွေးနေကြောင်းသိရသည်။
ပခုက္ကူခရိုင်အတွင်း သဘာဝသယံဇာတရင်းမြစ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကြား ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်ကို ဝမ်းနည်းဖွယ် သိရှိရပြီး လက်ရှိဖြစ်ပွားနေသည့် မိတ်ဖက်ပဋိပက္ခသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ တို့ကြား အကျေအလည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ကြရမည့်ကိစ္စဖြစ်သည်ဟု လက်နက်ကိုင်နှင့်အရပ် ဘက်အ ဖွဲ့အစည်း ၂၁ဖွဲ့က မတ်လ ၃၁ရက်၌ ပူးတွဲထုတ်ပြန်ထားသည်။
” လာဖမ်းမှာဆီးမှာ အဲ့လိုတော့ မဟုတ်ပါဘူး။ သူတို့ အောက်မှာတော့ အချင်းချင်းတွေ ညှိနှိုင်းနေ တယ်လို့ သိရပါတယ်။ သူတို့ချင်း ဆွေးနွေးဖို့ တင်ပြတာတွေ၊ အပြန်အလှန်မေးမြန်းနေတာတွေ ရှိပါတယ်။ ကျနော်တို့တော့ မသိရဘူးဗျ။ သူတို့ ဝန်ကြီးချုပ်တို့ ဒီ NUG နဲ့ တိုက်ရိုက်ဆွေးနွေး နေကြတယ်” ဟု ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
အကျေအလည် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်နိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခသာမကဘဲ ရေရှည်လက်နက်ကိုင်ပဋိပက္ခ အသွင်ဆောင်ရန် တာစူနိုင်ပါသဖြင့် သက်ဆိုင်ရာဦးဆောင်အဖွဲ့များ ကြား အမြော်အမြင်ရှိရှိ စကားဝိုင်းတွင် ဆွေးနွေးအဖြေရှာကြရန်လည်း ပူးတွဲထုတ်ပြန်ချက် ၌ တိုက်တွန်းထားသည်။
ညီညွတ်ရေးကို ရှေးရှုပြီး ဆွေးနွေးအဖြေရှာရမည့်ကိစ္စကို လက်နက်ဖြင့်အဖြေရှာရန် ကြိုးပမ်းသူအားလုံးအား ကန့်ကွက်ပြီး ညီညွတ်ရေးကို ရှေးရှုကာ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအား တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(CRMH)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ(MFUIG) တို့ထံလည်း ယခုဖြစ်စဥ်နှင့်ပတ်သက်၍ အိတ်ပိတ်စာပေးပို့ထားရှိပြီး ဒေသတွင်းတော်လှန်ရေးအကျိုးနှင့် ညီညွတ်အားကောင်းရေးကို ရှေးရှု၍ လျင်မြန်စွာ ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန်လည်း ထပ်လောင်း တိုက်တွန်းထားသည်။
ပူတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများမှာ ပခုက္ကူခရိုင်အမှတ် ၂တပ်ရင်း၊ အမှတ် ၆ တပ်ရင်း၊ အမှတ် ၇တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်း၊ အမှတ် ၁၅ တပ်ရင်း၊ အမှတ် ၁၇တပ်ရင်း၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ၊ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့၊ ပေါက်မြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မြိုင်မြို့နယ် CDM ကျန်းမာရေးအင်အားစုများ၊ ပေါက်မြို့နယ် CDM ကျန်းမာရေးအင်အားစုများ၊ ရေစကြိုမြို့နယ် CDM ကျန်းမာရေးအင်အားစုများ၊ ကမ္မလူငယ်အသင်း၊ ပခုက္ကူကဗျာဆရာသမဂ္ဂ၊ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ပခုက္ကူ)၊ အညာတောအိမ် (အရပ်ဖက်လူမှုကူညီရေးအဖွဲ့)၊ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ကမ္မဒေသ)၊ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု၊ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း(မြိုင်မြို့နယ်) တို့ဖြစ်သည်။
စာတည်း-ML
