Khaosod English
ထိုင်းနိုင်ငံတစ်ဝန်းရှိ လိုင်စင်ရဆေးခြောက်ဆိုင်ပေါင်း ၁၁,၀၀၀ ခန့်ကို စနစ်တကျ စည်းကမ်းကြပ်မတ်ထား သည့် ဆေးခန်းများအဖြစ် ပြောင်းလဲရန် အစီအစဉ်အပါအဝင် အစိုးရ၏ ဆေးဘက်ဆိုင်ရာ ဆေးခြောက်မူဝါဒကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်သည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မိန့်ခွန်း၌ ဝန်ကြီး ပတ္တနာ ပရွန်ပတ်က ယခုအစီအစဉ်သည် ဆေးခြောက်စိုက်ပျိုးခြင်း၊ ထုတ်ယူခြင်းမှသည် ဖြန့်ဖြူးခြင်းအထိ လုပ်ငန်းစဉ်တစ်ရပ်လုံးကို ဆေးဘက်ဆိုင်ရာ လုပ်ငန်းများအတွက် အဓိကအာရုံစိုက်ပြီး ပိုမိုတင်းကျပ်စွာ ကြီးကြပ်ကွပ်ကဲရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စံချိန်စံညွှန်းများ၊ ဝန်ဆောင်မှု အရည်အသွေးနှင့် စနစ်စီမံခန့်ခွဲမှုများကို မြှင့်တင်ရန် လိုအပ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည့် မူဝါဒများကို ပြန်လည်သုံးသပ်သည့် ဝန်ကြီးဌာန အဆင့်မြင့်အစည်းအဝေးအပြီးတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆေးခြောက်လုပ်ငန်းကို လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းသစ်များကို လိုက်နာရန်အတွက် သုံးနှစ်ခန့် အချိန် ရရှိမည်ဖြစ်သည်။
လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံး၌ ဆေးခြောက်ဆိုင်ပေါင်း ၁၁,၀၀၀ ခန့် မှတ်ပုံတင်ထားပြီး နှစ်စဉ် လိုင်စင် ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့် သက်တမ်းကုန်ဆုံးလျက်ရှိသည်။
မူဘောင်အသစ်အောက်တွင် လုပ်ငန်းများသည် အရည်အချင်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ ထားရှိသည့် လိုင်စင်ရဆေးဘက်ဆိုင်ရာဌာနများအဖြစ် လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် အများပြည်သူအနေဖြင့် လိုင်စင်အခြေအနေကို စစ်ဆေးနိုင်ရန်အတွက် ဒေတာဘေ့စ်စနစ်နှင့် ဆိုင်ရှေ့တွင် မြင်သာသော အမှတ်အသားများကို ထားရှိရန်လည်း ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။
ဆေးခြောက်ကို ထုတ်ယူခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများတွင် စီးပွားရေးအရ အလားအလာရှိကြောင်း၊ ၎င်းသည် တင်းကျပ်သော စည်းမျဉ်းများအောက်တွင် ပြည်တွင်းအသုံးပြုမှုနှင့် နောင်တွင် ပြည်ပတင်ပို့မှုများကိုပါ အထောက်အကူပြုနိုင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
