1 Apr 2026 By Nway / MPA
စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပြုသည့်အချက် ၄ ချက်ကို PDF Zoland က ထုတ်ပြန်လိုက်ပြီး လူငယ် ၂၀ အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ် (ဇိုဂမ်)ဒေသတို့တွင် နေထိုင်ကြသည့် အမျိုးသား၊ အမျိုး သမီး မခွဲခြားဘဲ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် တော်လှန်ရေး တာဝန်ထမ်းဆောင် ကြရန် မတ်လ ၂၄ရက်က တိုက်တွန်းနှိုးဆော်ပြီးနောက် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပြုသည့်အချက် ၄ ချက် ကို မတ်လ ၃၁ရက်၌ PDF Zoland က ဆက်လက် ထုတ်ပြန်ခဲ့ကြောင်း ထို့နောက်စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များအနက်မှ စစ်မှုထမ်းကင်းလွတ်ခွင့်ရသည့် လူငယ် ၂၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း PDF Zoland က ဆိုသည်။
” ခေါ်သွားတဲ့သူတွေကို နေရပ်ပြန်ပို့တယ်လို့တော့ သိထားရတယ်။ စစ်မှုထမ်းဖို့ ဆိုပြီး ကာယကံရှင် သဘောဆန္ဒမပါဘဲ အတင်းလူတွေလိုက်ခေါ်၊ ခေါ်မရတော့ ဆွဲသွားတယ်။ ပြည်သူတွေကလည်း မကျေနပ်တော့ ဆန္ဒပြကြပြုကြတာလည်း ရှိတော့ ခုလို ဖြေလျှော့မှုတွေ၊ ကင်းလွတ်ခွင့်တွေ ပြုလုပ်ပေးလိုက်တယ်လို့ မြင်ပါတယ် ” ဟု တီးတိန်မြို့ သတင်းရင်းမြစ်က MPA ကို ပြောသည်။
အသက်မပြည့်သေးသည့် လူငယ်များနှင့် ကျောင်းနေအရွယ် ကလေးငယ်များ၊ မိသားစု၌ တော်လှန် ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူ ရှိနှင့်ပြီးများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မသန် စွမ်းသူများနှင့် တစ်ဦးတည်းသောသား သို့မဟုတ် သမီး ဖြစ်သူများကို စစ်မှုထမ်းရန် ကင်းလွတ်ခွင့် ပြုကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။
” တော်လှန်ရေးလုပ်လိုသူလည်း ရှိတယ်၊ မလုပ်ချင်တဲ့သူလည်း ရှိတယ်။ စစ်မှုမထမ်းမနေရဆိုတော့ ဇိုဂမ်ဒေသက တချို့လူငယ်တွေလည်း ရပ်ရွာမှာ မနေရဲကြဘဲ ရှောင်ကြတာတွေလည်း ရှိတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ ၂၄ရက်နောက်ပိုင်းမှစ၍ တီးတိန်မြို့နယ် လိုင်တွီးရွာမှ လူငယ် ၁၂ ဦး၊ မွီးဇောလ်ရွာမှ လူငယ် ၃ ဦး၊ ဒိမ်ပီးရွာမှ လူငယ် ၉ ဦး နှင့် ဘွင်ရွာမှ ပြည်သူ ၂၉ ဦးတို့ကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၂၆ ရက်၌ စစ်မှုထမ်းရန် ခေါ်ဆောင်သွားသော လူငယ်များအား ပြန်လွှတ်ပေးရန် လိုင်တွီးရွာသားများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
တော်လှန်ရေးတွင် ပူးပေါင်းပါဝင်သည့်လူငယ်များကို စစ်ပညာအပြင် အသက်မွေးဝမ်းကျောင်းပညာ ရပ်များပါ သင်ကြားပေးမည်ဖြစ်ကြောင်း ZFU/PDF Zoland ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
စာတည်း-ML
