အီရန်စစ်ပွဲရည်မှန်းချက်များ အောင်မြင်လုနီးပြီဖြစ်ကြောင်း ထရမ့်ပြော

Reuters

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၌ အမေရိကန်စစ်တပ်က ချမှတ်ထားသည့် ရည်မှန်းချက်များမှာ အောင်မြင်ရန် နီးကပ်နေပြီဖြစ်ကြောင်းနှင့် ပဋိပက္ခသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁ ရက်နေ့က ရုပ်သံမှတစ်ဆင့် နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် ပြောကြားသည်။

စစ်ပွဲအပေါ် စိုးရိမ်ပူပန်နေကြသည့် အမေရိကန်ပြည်သူများ၊ ကျဆင်းနေသော လူထုထောက်ခံမှုနှုန်းများနှင့် စစ်ပွဲရည်မှန်းချက်များကို ပိုမိုတိကျခိုင်မာစွာ ချပြရန် မဟာမိတ်အချို့၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရစဉ်အတွင်း ထရမ့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် အီရန်၏ ရေတပ်နှင့် လေတပ်တို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ ဘောလစ်စတစ်ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များကိုလည်း အင်အားချည့်နဲ့သွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီဟု ၎င်းက ဆိုသည်။

ထို့အပြင် အမေရိကန်အနေဖြင့် လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန် ရှိ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို “အလွန်မြန်ဆန်စွာ” အပြီးသတ်မည်ဖြစ်ကြောင်းလည်း ၎င်းက အာမခံပြောကြားခဲ့သည်။

သို့သော် ၁၉ မိနစ်ကြာ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း အီရန်၏ သန့်စင်ပြီး ယူရေနီယံ အခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကိစ္စရပ်များကဲ့သို့ မပြေလည်သေးသည့် အချက်အချို့ကို ဖော်ပြခဲ့ခြင်းမရှိပေ။

အီရန်ခေါင်းဆောင်များက အမေရိကန်၏ သတ်မှတ်ချက်များကို လိုက်လျောခြင်းမရှိပါက အီရန်၏ စွမ်းအင်နှင့် ရေနံအခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို ပိုမိုအရှိန်မြှင့်သွားနိုင်ကြောင်းလည်း ထရမ့် ပြောကြားခဲ့သည်။

ယခုအခါ ငါးပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်သော ဤစစ်ပွဲသည် ယခင်က အမေရိကန် ပါဝင်ပတ်သက်ခဲ့သည့် စစ်ပွဲအချို့နှင့် နှိုင်းယှဉ်ပါက များစွာ ပိုမိုတိုတောင်းကြောင်း ပြည်သူများအား သတိပေးပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို မကြာခင်၊ အင်မတန်မကြာခင်မှာ အပြီးသတ်နိုင်ဖို့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဒီည ကျွန်တော် ပြောနိုင်ပါတယ်။ လာမယ့် နှစ်ပတ်ကနေ သုံးပတ်အတွင်း သူတို့ကို ကျွန်တော်တို့ အပြင်းအထန် တိုက်ခိုက်သွားမှာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ကို ပြန်ရောက်သွားအောင် လုပ်ပစ်မှာပါ” ဟု ထရမ့်က ပြောကြားသည်။

“တစ်ဖက်မှာလည်း ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်… အုပ်စုသစ်က အစွန်းရောက်မှု လျော့နည်းပြီး ပိုပြီးတော့ အကျိုးအကြောင်း နားလည်ကြပါတယ်။ ဒါပေမဲ့ ဒီကာလအတွင်းမှာ သဘောတူညီချက်မရရင်တော့ အရေးကြီးတဲ့ ပစ်မှတ်တွေကို ကျွန်တော်တို့ မျက်စိဒေါက်ထောက် ကြည့်နေပါတယ်” ဟု ထရမ့်ကဆိုသည်။

ထို့အပြင် အီရန်က ဟော်မုဇ် ရေလက်ကြားကို ပြန်မဖွင့်ပေးလျှင်ပင် ၎င်းအနေဖြင့် ပဋိပက္ခမှ နောက်ဆုတ်သွားနိုင်ကြောင်းကိုလည်း ထရမ့်ကပြောကြားခဲ့သည်။