အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်မည့်အပေါ် မည်သို့မျှ မထူးဆန်းကြောင်း နှင့် တိုင်းပြည်ဆက်လက်နစ်မွန်းမည်ဟု ပြည်သူအချို့က မှတ်ချက်ပြုကြသည်။
ရန်ကုန်၊မုံရွာ၊မန္တလေးနှင့် မော်လမြိုင်မြို့ရှိ ပြည်သူ၁၂ဦးကို MPAက ဆက်သွယ်မေးမြန်းခဲ့ရာ အထက် ပါအတိုင်း တညီတညွတ်တည်း မှတ်ချက်ပြုကြသည်။
“မင်းအောင်လှိုင် သမ္မတဖြစ်မယ့်ကိစ္စက လမ်းထိပ်မှာ ခွေး၂ကောင်ကိုက်တာလောက်တောင် စိတ်ဝင် စားစရာမရှိဘူး။စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုကတည်းက မအလ က တစ်နည်းနည်းနဲ့ သမ္မ တမလုပ်ရင်တောင် သမ္မတထက်မြင့်ပြီး အားလုံးထက်မြင့်တဲ့တစ်ခုခု ယူမယ်ဆိုတာ အားလုံးက သိပြီးသားပဲ”ဟု မုံရွာဇာတိသား အသက်၇၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက မင်းအောင်လှိုင်သည် သမ္မတတင်မကဘဲ ပြည်ထောင် စုအတိုင်ပင်ခံကောင်စီဥက္ကဌလည်း သူ့ကိုယ်သူ ထပ်မံခန့်အပ်နိုင်ကြောင်း သုံးသပ်သည်။
ရန်ကုန်မြို့၊တောင်ဥက္ကလာပ၊ ၇ဆူဘုရားအနီးနေ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက “ အခု မင်း အောင်လှိုင်က သမ္မတနေရာယူတော့မယ်ဆိုတာ ဘာများ ထူးဆန်းလို့လဲ။သမ္မတဖြစ်ချင်လို့ အာဏာ သိမ်းခဲ့တာလေ။မင်းအောင်လှိုင်သမ္မတဖြစ်ပြီးရင်လည်း ကုန်ဈေးနှုန်းက ဆက်တက်ဖို့ပဲ ရှိတာ ဆိုတော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး”ဟု ဆိုသည်။
တရားမဝင်ရွေးကောက်ပွဲ၊တရားမဝင်လွှတ်တော်နှင့် ယခု လွှတ်တော်တွင်း ရာထူးအာဏာ ရွေးချယ် နေမှုများအပေါ် ၎င်းတို့အသိုင်းအဝိုင်းထဲတွင် မည်သူကမှ အရေးအရာလုပ်၍ ပြောကြားနေခြင်းမျိုး မရှိကြောင်း လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အိမ်ရှင်မတစ်ဦးကလည်း ပြောသည်။
“ကိုယ်တွေအသိုင်းအဝိုင်းမှာ ဘောမမရှိတော့ အဲဒါတွေ ဘယ်သူမှ စကားထဲထည့်မပြောဘူး။မနက်မိုး လင်းလို့ ဈေးသွားရင် ကန်စွန်းရွက်ဈေးတက်ပြန်ပြီလားဆိုတာလောက် ခွေးတပ်(စစ်တပ်)အကြောင်း က စိတ်ဝင်စားစရာမရှိဘူး။ တိုင်းပြည်ဆက်ဒုက္ခရောက်မယ်ဆိုတာကိုတော့ ရင်လေးကြတယ်။ ကျမ တို့က ဘာမှလည်း မတတ်နိုင်ဘူးလေ”ဟု ၎င်းက ပြောသည်။
၂၀၁၀ရွေးကောက်ပွဲမပြုလုပ်ခင်မှာပင် အာဏာရှင်သန်းရွှေက ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များကို ကြိုတင်ဖွဲ့ စည်းခဲ့ပြီးဖြစ်သလို ယခုလည်း တရားမဝင်ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက တရားမဝင်အစိုးရနှင့် အမည်ခံလွှတ်တော်အကြီးအကဲစာရင်းကို မင်းအောင်လှိုင်က ကြိုတင်ရွေးချယ်ပြီးဖြစ်၍ စိတ်ဝင်စားစ ရာမရှိကြောင်း ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် အကြမ်းဖက်သမ္မတရွေးချယ်တင်မြှောက်ရေး အစုအဖွဲ့၃ခုက မင်းအောင်လှိုင်၊ညိုစောနှင့် နန်းနီနီအေးတို့က ဒုသမ္မတများအဖြစ် ရွေးချယ်ထားပြီး ဧပြီ၃ရက်၌ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။
စာတည်း-ML
