AFP
ရေနံတင်သင်္ဘောများ လုံခြုံစွာဖြတ်သန်းခွင့်ရရေးအတွက် အီရန်နှင့် ဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁ ရက် တွင် ပြောကြားသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့လိုက်ချိန်မှစ၍ ဖိလစ်ပိုင်တွင် လောင်စာဆီဈေးနှုန်းများမှာ မကြုံစဖူး အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
သမ္မတ ဖာဒီနန်မာကို့စ်က ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံတော်စွမ်းအင်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် နိုင်ငံ၏ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် “မည်သည့်နည်းလမ်းကိုမဆို စဉ်းစားမည်” ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရိုက အီရန်သံအမတ်ကြီး ယူဆွတ် အက်စ်မေးလ်ဇာဒေနှင့် တွေ့ဆုံရာတွင် စွမ်းအင်ဝန်ကြီးလည်း ပါဝင်ခဲ့ပြီး “ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိကလမ်းကြောင်းများ” ကို ဆွေးနွေးခဲ့ကြောင်း ပြောသည်။
“၂၀၂၅ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေရဲ့ အရှိန်အဟုန်ကို အခြေခံပြီး စွမ်းအင်ကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့ ကျွန်မတို့ ကတိကဝတ်ပြုထားပါတယ်” ဟု ထရီဇာ လာဇာရိုက X လူမှုကွန်ရက်တွင် ရေးသားထားသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကလဲယား ကက်စထရိုက ဖိလစ်ပိုင်နိုင်ငံအတွက် ရေနံတင်သင်္ဘောများ ဟော်မုဇ် ရေလက်ကြားကို လုံခြုံစွာဖြတ်သန်းနိုင်ရေး ဝန်ကြီး လာဇာရိုက တောင်းဆိုခဲ့ကြောင်း သတင်းထောက်များကို ပြောသည်။
“ဖိလစ်ပိုင်နိုင်ငံကို ‘ရန်ဘက်မဟုတ်သောနိုင်ငံ’ အဖြစ် တရားဝင်သတ်မှတ်ပေးဖို့နဲ့ ဖိလစ်ပိုင်အလံတင် သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေ လုံခြုံစွာဖြတ်သန်းခွင့်ရဖို့ ဝန်ကြီး လာဇာရိုက တောင်းဆိုခဲ့ပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ သင်္ဘောသားတွေနဲ့ စွမ်းအင်ထောက်ပံ့မှု လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်” ဟု ကက်စထရိုက ပြောသည်။
အီရန်သံအမတ်ကြီးအနေဖြင့်လည်း “ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုချက်ကို ကူညီဆောင်ရွက်ပေးရန် အပြည့်အဝ ဆန္ဒရှိကြောင်း ပြန်လည်အတည်ပြုခဲ့သည်” ဟု ၎င်းက ပြောကြားသည်။
ဝန်ကြီး လာဇာရိုသည် အဆိုပါကတိကဝတ်များကို တရားဝင်ရရှိရန် ယနေ့ ဧပြီ ၂ ရက်နေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။
