By Thai Enquirer
ထိုင်းနိုင်ငံတွင် အရွယ်ရောက်ပြီးသူများ မိမိတို့ဆန္ဒအလျောက် စစ်မှုထမ်းရန် သတင်းပို့သူ အရေအတွက် လိုအပ်သည်ထက် များလာခြင်းကြောင့် လက်ရှိကျင့်သုံးနေသည့် စစ်မှုထမ်းရသည့်စနစ်ကို ဖျက်သိမ်းပြီး စေတနာ့ဝန်ထမ်း စစ်မှုထမ်းဥပဒေအဖြစ် အစားထိုးရန် ဥပဒေကြမ်းတစ်ရပ်ကို ပြည်သူ့ပါတီ (People’s Party) က ဧပြီ ၂ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းလိုက် သည်။
ယခုတင်သွင်းထားသည့် ဥပဒေကြမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် လူငယ်များအနေဖြင့် စစ်မှုထမ်းရန်အတွက် မဖြစ်မနေ စစ်မှုထမ်းရခြင်းကို အဆုံးသတ်ကာ မိမိတို့ဆုံးဖြတ်ချက်အလျောက် မှတ်ပုံတင်နိုင်ရန်နှင့် ခေတ်နောက်ကျနေသည့် ဥပဒေ ခြောက်ရပ်ကို ပယ်ဖျက်ရေးအတွက် တောင်းဆိုထားသည်။
စစ်တပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် စစ်မှုထမ်းများ၏ လူမှုဖူလုံရေး၊ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကို တိုးတက်စေရန် ရည်ရွယ်ထားသည်ဟု People’s Party က ဆိုသည်။
ထိုင်းနိုင်ငံတွင် စေတနာ့ဝန်ထမ်း စစ်မှုထမ်းအရေအတွက်မှာ လွန်ခဲ့သည့်နှစ်များအတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၉,၉၉၇ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၃၅,၆၁၇ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၃၈,၁၆၀ ဦးအထိ ရှိလာခဲ့သည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် အမျိုးသားစုစုပေါင်း ၄၂၉,၁၇၅ ဦးသည် စစ်မှုထမ်းရန် သတင်းပို့ခဲ့ပြီး၊ စစ်တပ်က လိုအပ်သည့် အရေအတွက်မှာ ၈၈,၂၅၅ ဦး ထက် ပိုမိုများပြားကာ စစ်ဆေးခံသူများ၏ ၂၀.၅၆ ရာခိုင်နှုန်း ဖြစ်သည်။
စစ်မှုထမ်းရန် ရောက်ရှိလာသူများအနက် ၅၂.၈၃ ရာခိုင်နှုန်း (၄၆,၆၂၃ ဦး) သည် စစ်မှုထမ်းရွေးချယ်သည့်နေ့တွင် တောင်းဆိုခြင်း၊ တာဝန်ထမ်းဆောင်ချိန် လျှော့ချပေးရန် တောင်းဆိုခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် စစ်မှုထမ်းခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဝင်ရောက်ခဲ့ကြသည်။
မဲနှိုက်စနစ်ဖြင့် စစ်မှုထမ်းရန် ပြန်လည်ရွေးချယ်ခဲ့သူ ၄၀,၆၃၄ ဦး ရှိပြီး၊ ၎င်းမှာ စစ်တပ်၏ လိုအပ်ချက်စုစုပေါင်း၏ ၄၆.၀၄ ရာခိုင်နှုန်းနှင့် စစ်ဆေးခံသူစုစုပေါင်း၏ ၉.၄၇ ရာခိုင်နှုန်း ဖြစ်သည်။
ထို့အပြင် စစ်မှုထမ်းခြင်းမှ ရှောင်လွှဲသူ ၉၉၈ ဦး (သို့မဟုတ်) ၀.၂၃ ရာခိုင်နှုန်း ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်စဉ် စစ်မှုထမ်းရွေးချယ်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေချိန်တွင် People’s Party က အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း စေတနာ့ဝန်ထမ်းစနစ်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် စစ်တပ်အတွင်း စစ်မှုထမ်းများအား ကိုယ်ရေးကိုယ်တာ အစေခံများအဖြစ် ခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်တစ်ခု ချထားမည်ဖြစ်ကြောင်းလည်း ပါတီက ပြောကြားခဲ့သည်။
