By Khaosod English
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မင်းပူရီခရိုင်အတွင်းရှိ နေအိမ်တစ်လုံးတွင် မိမိ၏ ၇ နှစ်အရွယ် သမီးအရင်းဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့သည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးအား ချောင်ဘူရီခရိုင်၊ ပတ္တရားကမ်းလွန်ရှိ ခိုလန်းကျွန်း (Koh Larn) ပေါ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူမှာ မမျိုးပပထွန်းဖြစ်ပြီး သူမအား မင်းပူရီရာဇဝတ်တရားရုံးက အမှုအမှတ် (၅၇၈/၂၅၆၉) ဖြင့် ထုတ်ပြန်ထားသည့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဝရမ်းအရ အလိုရှိနေခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီလ ၁ ရက်နေ့က မင်းပူရီခရိုင်၊ ရာမခမ်းဟမ်း ၁၉၀ လမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တရားခံအမျိုးသမီးမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။
ဘန်ကောက်နဂရဘန် ၃ (Metropolitan Police Division 3) မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပတ္တရားခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စုံစမ်းထောက်လှမ်းခဲ့ရာ တရားခံအမျိုးသမီးမှာ ခိုလန်းကျွန်းပေါ်ရှိ ဟိုတယ်ခန်းတစ်ခုတွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမေးမြန်းမှုများအရ တရားခံအမျိုးသမီးက သူမ၏သမီးကို လည်ပင်းညှစ်သတ်ခဲ့ကြောင်း စကားပြန်တစ်ဦးမှတစ်ဆင့် ဝန်ခံထွက်ဆိုခဲ့သည်။
တရားခံ၏ ထွက်ဆိုချက်အရ ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သူမအနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့ပြီး သမီးဖြစ်သူကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားလိုသဖြင့် အရင်ဆုံး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် သမီးဖြစ်သူ သေဆုံးသွားပြီးနောက် မိမိကိုယ်ကိုယ် သတ်သေရန် သတ္တိမရှိတော့သဖြင့် ခိုလန်းကျွန်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ရဲအရာရှိ Pol. Lt. Col. Suriya Kunjakol ၏ ပြောကြားချက်အရ တရားခံအမျိုးသမီးသည် စိတ်ကျရောဂါ (Depression) နှင့် ဘဝအခက်အခဲများကို တောက်လျှောက်ကြုံတွေ့နေရသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကာ သမီးဖြစ်သူနှင့် ပြန်လည်ဆုံစည်းပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းအား မင်းပူရီရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
