မြိုင်မှာ NUG တပ်အချင်းချင်း စစ်ရေးတင်းမာနေချိန် စစ်တပ်က ဝင်ရောက်သိမ်းပိုက်ရန် စစ်လော်ဘီများ လှုံ့ဆော်နေ

Photo - MPA

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေနံထွက်ရှိရာ မြိုင်မြို့နယ်၌ NUG ဗဟိုအစိုးရနှင့် NUG လက်အောက်ရှိ မကွေးဖက်ဒရယ်ယူနစ်အစိုးရ တပ်အချင်းချင်း စစ်ရေးတင်းမာနေချိန် စစ်ကော်မရှင်အနေဖြင့် ဝင်ရောက်သိမ်းပိုက်ရန် တပ်လော်ဘီများက လှုံ့ဆော်လျက်ရှိနေသည်။

၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်မှစ၍ လက်ရှိအချိန်ထိ ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံထွက်ရှိရာ နေရာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်အချင်းချင်း စစ်ရေးတင်းမာလျက်ရှိသည်။

ထိုကဲ့သို့ NUG တပ်အချင်းချင်း စစ်ရေးတင်းမာနေချိန်၌ ရေနံအများဆုံးထွက်ရှိရာ မြိုင်၊ ပေါက်၊ ပခုက္ကူကဲ့သို့ မြို့များအနေဖြင့် စစ်တပ်၏ လက်အောက်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း တပ်လော်ဘီတစ်ဦးဖြစ်သည့် ကျော်စိုးဦးက ယမန်နေ့ (ဧပြီ ၁ ရက်) တွင် ၎င်း၏ Tiktok အကောင့်၌ ပြောကြားထားသည်။

“အညာဒေသမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ ဝင်ငွေရလမ်းကြောင်း ခါးချိဖို့ဆိုရင်တော့ MOGE ဌာနပိုင်တဲ့ ရေနံမြေကို ပြန်ပြီး ထိန်းချုပ်နိုင်မှ ရမယ်” ဟု ၎င်းက ဆိုသည်။

ပေါက်မြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ရေနံထွက်ရှိရာ သပြေညို၊ ဗဟင်း စသည့် ဒေသများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်မှာ လေးနှစ်ဝန်းကျင်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် အဆိုပါရေနံမြေကိစ္စနှင့် ပတ်သက်၍ KIA နှင့် အညာဒေသရှိ PDF များကြား သဘောထားကွဲလွဲစေရန်အတွက်လည်း တပ်လော်ဘီများက ၎င်းတို့၏ တယ်လီဂရန်ချန်နယ်များ၌ ဝါဒဖြန့်ကာ ရန်တိုက်ပေးလျက်ရှိနေသည်။

ဒေသခံပြည်သူများအနေဖြင့် NUG တပ်အချင်းချင်း စစ်ရေးတင်းမာနေသည့်ကာလတွင် ဘုံရန်သူဖြစ်သည့် စစ်ကော်မရှင် ဝင်ရောက်လာပါက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိနေသည်။

“ဒီနေ့လယ်မှာလည်း ဖိုက်တာနဲ့ ပေါက်နယ်မြောက်ခြမ်းကို ခြောက်ကြိမ် ဗုံးကြဲသွားတယ်။ အရင်ရက်တွေကလည်း ဒရုန်းနဲ့ လာချတာတွေရှိတယ်။ ပေါက်မြောက်ပိုင်းမှာက ရေနံတွင်းတွေ ရှိတယ်။ အခု ပေါက်တောင်ပိုင်းမှာကလည်း စစ်တပ်စစ်ကြောင်းရှိတယ်။ ဒီပြဿနာကို အမြန်ဆုံး အငြိမ်းချမ်းဆုံး ဖြေရှင်းနိုင်ရင် ကောင်းပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ထို့ပြင် လက်ရှိတွင်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် 92 စက်သုံးဆီ တစ်လီတာလျှင် ၁၃,၀၀၀ ကျပ်နှင့် ရေနံချက်ဆီ တစ်လီတာ ၈,၀၀၀ ကျပ်အထိ ရှိနေပြီး ဒေသတွင်းအခြေအနေများကြောင့် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

“92 မသုံးနိုင်တဲ့ ပြည်သူတွေကျတော့ ချက်ဆီသုံးကြတာရှိတယ်။ 92 နဲ့ ချက်ဆီရောပြီး သုံးကြတာတွေ ရှိတယ်။ တချို့ 92 ကုန်သည်တွေဆို ဝင်လာတာမရှိတော့ဘူး။ မြိုင်ဘက်က ချက်ဆီနဲ့ ရောသုံးနေကြရတယ်။ အခုလို လက်နက်နဲ့ ဖြေရှင်းကြတာက ဘယ်သူ့အတွက်မှ မကောင်းဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

မကွေးဒေသ၊ ပခုက္ကူခရိုင်အတွင်း ဖြစ်ပွားနေသည့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့တို့ အကြေအလည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကြေအလည် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်နိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခမကဘဲ ရေရှည်ပဋိပက္ခလက်နက်ကိုင်အသွင် ဆောင်နိုင်၍ စကားဝိုင်းဖြင့် ဆွေးနွေးအဖြေရှာကြရန် ပခုက္ကူခရိုင် တပ်ရင်း ၆ ရင်း၊ မြိုင်၊ ပေါက်နှင့် ကမ္မမြို့နယ်တို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၁ ခုက မတ် ၃၁ ရက်၌ ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း