ညောင်ဦးတွင် ဘုရားရှိခိုးနေသည့် အမျိုးသမီးအပါအဝင် ၂ဦး စစ်တပ် လက်နက်ကြီး ထိမှန်ပြီး သေဆုံး

မန္တလေးတိုင်း၊ ‌ညောင်ဦးမြို့နယ်တွင် ဘုရားရှိခိုးနေသည့် အမျိုးသမီးအပါအဝင် ၂ဦး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

ယနေ့ (ဧပြီ ၄ရက်) နံနက်အစောပိုင်းတွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀အရွယ်အ မျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း KPG Update News ထံက သိရသည်။

” ဟိုအဒေါ်ကဆိုရင် ဆရာမ ဘုရားရှိခိုးရင်း ခေါင်းတည့်တည့်မှန်တာ မနက်စော။ နေအိမ်မှာပဲ နေရင်းနဲ့ကို ထိသွားကြတာပါ” ဟု KPG Update News မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

အသက်၃၀အရွယ် အမျိုးသမီးမှာ အခြားတစ်အိမ်တွင် မီးဖိုချောင်ထဲ၌ ရှိနေစဉ် နောက်ကျောကျည် ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးသံကြားသဖြင့် ထန်းတက်နေသည့် အမျိုးသားတစ်ဦး ပြန်ဆင်းလာစဉ် လက်နက်ကြီးထိမှန်၍ ခြေထောက်ဖြတ်လိုက်ရကြောင်းလည်း သိရသည်။

” မနေညတည်းက စစ်ကြောင်းထိုးဖို့ လုပ်နေတာ။ မလာရဲလို့ ရမ်းသန်း အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာ။ တိုက်ပွဲနဲ့ပတ်သက်လို့ ဘာမှမရှိဘူး။ နတ်ပလင်ရွာကနေ လှမ်းပစ်တာလို့ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်းသိရသည်။

စာတည်း-ML