မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ယနေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထုတ်ပြန်ထားသည်။
NLD ပါတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ရာတွင် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုစီးပွား ဘက်စုံပျက်စီးမှုများကို ကုစားရန်အတွက် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ မရှိမဖြစ်လိုအပ်ကြောင်း အလေးအနက် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူတစ်ဦးက “NLD ရဲ့ ထုတ်ပြန်ချက်က လက်ရှိမြေပြင်အခြေအနေကို ထင်ဟပ်နေပါတယ်။ ဘယ်လိုပဲ အင်အားစုအသစ်တွေ ပေါ်လာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာနဲ့ လူထုအပေါ် လွှမ်းမိုးမှုက အခုထိ အားအကောင်းဆုံးဖြစ်နေဆဲမို့ သူ့ကို ဖယ်ထုတ်ထားသရွေ့ ဘယ်သူကပဲလာပြီး စေ့စပ်စေ့စပ် အဖြေထွက်မှာမဟုတ်ဘူး” ဟု သုံးသပ် ပြောကြားသည်။
ထို့ပြင် တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း စစ်ကော်မရှင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဆက် အသွယ်ဖြတ်တောက်ကာ ထိန်းသိမ်းထားခြင်းမှာ နိုင်ငံရေးအရ အသာစီးရလိုမှုကြောင့်ဖြစ်ပြီး၊ ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အသုံးချရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း ဝေဖန်ထောက်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပလောကနှင့် လုံးဝအဆက်အသွယ်ဖြတ်ကာ ၎င်း၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူများအကြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်အတွင်း ထားရှိခြင်းသည် နိုင်ငံရေးအရ ဆွေးနွေးလိုသည့် ဆန္ဒမရှိခြင်းကို ပြသနေပြီး၊ နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန်အတွက်သာ အသုံးချခံရမည့် အခြေအနေကို စိုးရိမ်နေကြသည်။
တစ်ဖက်တွင်လည်း ဩစတြေးလျပါလီမန် ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက စစ်ကော်မရှင်၏ ၂၀၂၅-၂၆ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် တိုက်တွန်းနေချိန်တွင် NLD ၏ ယခုထုတ်ပြန်ချက်မှာ ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ခိုင်မာသော ရပ်တည်ချက်ကို ပြသလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသူများ၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခြင်းမှာ စစ်ကော်မရှင်ဘက်က ၎င်းတို့၏ ရှုံးနိမ့်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုများနှင့် လူထုကြားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေ တကယ်တင်မြှောက်ထားတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်လို့၊ သူ လွတ်မြောက်လာပြီး နိုင်ငံရေးမှာ ပြန်ပါဝင်နိုင်မှပဲ မြန်မာ့အနာဂတ်အတွက် အဖြေထွက်မှာပါ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစုများဘက်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို အစဉ်တစိုက် တောင်းဆိုနေသကဲ့သို့၊ တစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဉ်အတိုင်း ဆက်လက်ချီတက်နေကြကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။
ယခုကဲ့သို့ NLD ၏ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းသည် စစ်ကော်မရှင်က ဖန်တီးနေသော နိုင်ငံရေးထွက်ပေါက်အတုများကို လက်မခံကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး၊ နိုင်ငံတကာမိသားစုအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဖိအားများ တိုးမြှင့်ရန် လိုအပ်ကြောင်း ထောက်ပြနေသည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ အဖြေမှာ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ပေးခြင်းနှင့် လူထုဆန္ဒကို အသိအမှတ်ပြုခြင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း NLD ပါတီနှင့် နိုင်ငံရေးအသိုင်း အဝိုင်းက တညီတညွတ်တည်း ရှုမြင်နေကြသည်။
စာတည်း-ကိုဆန်း
