မတ်လအတွင်း စက်သုံးဆီ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း ရန်ကုန်မြို့လမ်းများပေါ် ပေါ်တာဆွဲဖမ်းဆီးမှုမှာ မြင့်တက်လျက်ပင်ဖြစ်ကြောင်း သိရသည်။
မတ်လအတွင်း ရန်ကုန်မြို့လမ်းများပေါ် သွားလာနေစဉ် ဖမ်းဆီးခံရသူ ၃၅ဦးနှင့် လမ်းဘေးထိုင် နေစဉ် ဖမ်းဆီးခံရသူ ၁၃ဦး စုစုပေါင်း ၄၈ဦးရှိကြောင်း Rangoon Scout Network-RSN က သတင်း ထုတ်ပြန်သည်။
“စက်သုံးဆီရှားပါးတဲ့ ပြဿနာဖြစ်နေတာတောင် မတ်လအတွင်း လမ်းမပေါ် ပေါ်တာဆွဲတာတွေ ရှိနေခဲ့ပါတယ်ဗျ။ ပထမ ၂ ပတ်ထဲ ပိုများပါတယ်။ စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၃ စပြီး နောက်ပိုင်းမှာတော့ ပြန်လျော့သွားပါတယ်”ဟု RSN မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
မတ်လအတွင်း ရန်ကုန်တိုင်း၊မြို့နယ်၁၄ခုမှ လူ၉၉ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်ဟု RSN ကဆိုသည်။
ဖမ်းဆီးခံရသည့် ၉၉ဦးအနက် ၄၂ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁၄ဦးကို စစ်မှုထမ်းသင်တန်းကျောင်း၊ အကျဉ်းထောင်နှင့်အချုပ်များသို့ ပို့ဆောင်ခဲ့ကာ ကျန်၄၃ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေ အနေကို မသိရှိကြောင်း RSN က ထုတ်ပြန်ထားသည်။
“ညနေဘက်တွေ၊ ညဘက်တွေမှာ ပေါ်တာဆွဲလေ့ရှိပါတယ်။ လှည့်ကင်းပတ်နေတဲ့ကောင်တွေကပဲ လူပြတ်တဲ့နေရာတွေမှာ လိုက်ဆွဲသွားတာများပါတယ်။ ဆွဲတဲ့ထဲ စစ်တပ်၊ ရဲ ၊ပျူ ၊ အရပ်ဝတ် အစုံပါပါတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီအတွင်း ရန်ကုန်တိုင်း၌ လူ ၅၈ဦး ကို စစ်တပ်က မတရားဖမ်းဆီးခဲ့ကြောင်းနှင့် ယင်းအနက် လမ်းမပေါ်၊လမ်းဘေးနှင့် ဆိုင်ထိုင်နေစဉ် ဖမ်းဆီးခံရသူ ၄၁ဦးရှိကြောင်း RSN က ထုတ် ပြန်ထားသည်။
စာတည်း-ML
