By Mon Lay / MPA [ဆောင်းပါး]
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်အဆက်ဆက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင် စတဲ့ စစ်ခေါင်းဆောင်အဆက်ဆက်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်၊ လွတ်လပ်ရေးဖခင်ရဲ့ မျိုးဆက်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဂုဏ်ပုဒ်တွေဟာ လက်နက်နဲ့ အကြောက်တရားပြ အုပ်ချုပ်တဲ့ စစ်အာဏာရှင်တွေအတွက် စိုးစဉ်းမျှ မနှစ်မြို့စရာ ဆန့်ကျင်ဘက် ဂုဏ်ဒြပ်တွေ ဖြစ်နေခဲ့ပါတယ်။
ဒါတင်မက တစ်ခါတစ်ရံမှာ အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းဆင်း၊ အောက်စဖို့ဒ်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရထားသူ စတဲ့ ပညာရေးဂုဏ်ဒြပ်တွေဟာလည်း OTS နဲ့ DSA ကျောင်းဆင်း စစ်ခေါင်းဆောင်တွေအတွက် ထပ်မံ မနာလိုစရာ ဂုဏ်ပုဒ်တွေ ဖြစ်နေပြန်ပါတယ်။
ပြည်သူ့ရင်ထဲက ပေးထားတဲ့ ရာထူးဖြစ်တဲ့ လူထုခေါင်းဆောင်ဆိုတဲ့ နေရာ၊ လူထုရင်ထဲက ချစ်မြတ်နိုးမှုတွေဟာလည်း စစ်အာဏာရှင်အဆက်ဆက် ဆယ်သက်ကြိုးစားရင်တောင် မရနိုင်တဲ့၊ လုပ်ယူလို့မရတဲ့ ပကတိအရှိတရားတွေဖြစ်လို့ ဒီအချက်ဟာလည်း စစ်ခေါင်းဆောင်တွေကို ခံရခက်စေပါတယ်။
ဒါကြောင့်မို့ နိုင်ငံရေးခံယူချက်နဲ့ ရပ်တည်ချက်အားဖြင့် သူတို့တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှုကြောင့် အကြိမ်ကြိမ် ဖမ်းဆီးခြင်းကို ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းခံနေ့ရက်တွေဟာ အာဏာရှင်တွေရဲ့ အတွင်းပုပ် မနာလိုမှုတွေကြောင့်လည်း ထပ်လောင်းကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး
ဒီကြွေးကြော်သံဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ဆန္ဒပြပွဲတွေမှာ တော်လှန်လူထုပါးစပ်က အန်ကျလာခဲ့တဲ့ မပြောင်းလဲသော၊ မပါမဖြစ် ကြွေးကြော်သံတစ်ခု ဖြစ်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီးနောက်မှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်ကြွေးကြော် ကြိုးပမ်းခဲ့ကြသူတွေရှိသော်ငြား မူလကြွေးကြော်သံ တစ်ခန်းရပ်နားခဲ့တဲ့ အချိန်အတိုင်းအတာတစ်ခု ဖြစ်ခဲ့ပါတယ်။
တကျော့ပြန် တောင်းဆိုသံများ
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက (၂၀၂၁) ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံတော်အာဏာကို မတရားရယူ သိမ်းပိုက်ခဲ့ပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုတွေဟာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တောင်းဆိုခဲ့ကြသလို၊ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေကပါ ကျယ်ကျယ်လောင်လောင် တောင်းဆိုကြတဲ့ အကြောင်းအရာတစ်ခု ပြန်ဖြစ်လာခဲ့ပါတယ်။ (၂၀၂၅) နဲ့ (၂၀၂၆) ကာလတွေမှာဆိုရင် ဒီတောင်းဆိုမှုတွေဟာ ခပ်စိပ်စိပ် ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလိုပေါ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက သူ့အမေရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်မှု၊ သက်ရှိထင်ရှား ရှိ၊ မရှိအပေါ် သံသယရှိကြောင်း ထုတ်ပြောလာမှုတွေကြောင့်လည်း တွန်းအားတစ်ခုအဖြစ် ပိုမိုတောင်းဆိုလာကြတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်၏ သဘောထား
မင်းအောင်လှိုင်၊ သူ့မိန်းမ ကြူကြူလှနဲ့ သူ့နောက်လိုက် ခိုင်းဖတ်တစ်သိုက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမုန်းတီးပါတယ်။ နိုင်ငံရေးခံယူချက်နဲ့ ရပ်တည်ချက်မတူလို့ ဆိုတာထက် သူတို့ဒီတစ်သက် အစစ်အမှန်မရနိုင်တော့တဲ့ အရာတွေကို ဒေါ်အောင်ဆန်းစုကြည်က အကုန်ပိုင်ဆိုင်ထားလို့ပါပဲ။
မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သုံးသပ်ရရင် သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို မသိစိတ်ထဲမှာ အားကျပြီး Role Model ထားတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံခြားကပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို မရနိုင်တဲ့အခါ သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ ရန်ကုန်တက္ကသိုလ်က သူ့ရဲ့လက်ဝေခံတွေကို အမိန့်ပေးပြီး တောင်းယူတာမျိုးအထိ ရုပ်ပျက်ဆင်းပျက် အကောင်အထည်ဖော်ခဲ့တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်မှန်တဲ့ ပြည်သူ့မေတ္တာကို တောင်းယူဖို့မလိုဘဲ ရရှိထားသူ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ စစ်အာဏာရှင်လမ်းစဉ် အကောင်အထည်ဖော်နေရင်း တစ်ဖက်မှာလည်း ပြည်သူက သူ့ကိုချစ်တယ်ဆိုတဲ့ Narrative ကို စိတ်ကူးယဉ် တည်ဆောက်ပါတယ်။ အမြင်သာဆုံးအနေနဲ့ ရွေးကောက်ပွဲတုကာလက မဲရုံတစ်ခုမှာ ကျိုးတိုးကျဲတဲ ပရိသတ်ကြားက အဘွားကြီးတချို့ကို ဇာတ်တိုက်ထားတဲ့ ချီးကျူးစကားတွေ ပြောကြားစေရင်း သဘောကျနေခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ရင် သိသာပါတယ်။
အကြိမ်ကြိမ် သတ်ရန် ကြိုးစားမှုများ
စစ်အာဏာရှင်အဆက်ဆက်ဟာ အချိန်နဲ့အမျှ ဒေါ်အောင်ဆန်းစုကြည် ပျောက်ကွယ်သွားရေးကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအရေးအခင်းဟာဆိုရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ စနစ်တကျ ညွှန်ကြားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားအသွင်ယူ တပ်ဖွဲ့ဝင်များက လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ သူရဲဘောကြောင်လွန်းတဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူသေဆုံးသည်အထိဖြစ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းရုံမက နာမည်သေအောင်လုပ်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက အင်းယားကန်ကို လက်ပစ်ကူးပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို ဝင်ရောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့စဉ်ကလည်း သတင်းထုတ်ပြန်မှုတွေမှာ ဂျွန်ယက်တောနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ပုဂ္ဂိုလ်ရေးပတ်သက်မှု ရှိသယောင် နှပ်ကြောင်းပေးပြီး သိက္ခာချဖို့ ကြိုးပမ်းတဲ့ ထုတ်ပြန်မှုတွေ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ပါသေးတယ်။
NLD အစိုးရလက်ထက် (၂၀၁၇) ခုနှစ် ရိုဟင်ဂျာအရေး ဖြစ်ပွားတဲ့အချိန်မှာ စစ်တပ်ခေါင်းဆောင်ပိုင်းဟာ လူမျိုးတုန်းစေမှုကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည် ကျူးလွန်ခဲ့ကြပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်သည်သာ အလုံးစုံ တာဝန်ရှိသယောင် ဖန်တီးခဲ့ကြပါတယ်။
ဒီလုပ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ အနောက်တိုင်းမီဒီယာတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ အကြီးအကျယ် ထိခိုက်ပျက်စီးပြီး တချို့သော အဖွဲ့အစည်းတွေထံက ဆုတံဆိပ်တွေ ပြန်သိမ်းခံရတာမျိုး များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြည်သူကြားမှာ ကွဲကွဲပြားပြား သိနေကြသည့်တိုင် ကမ္ဘာ့အလယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ် အကြီးအကျယ် ကျဆင်းခဲ့ရလို့ အဲဒီတစ်ကြိမ်မှာတော့ စစ်အုပ်စုရဲ့ နာမည်သတ်ခြင်း လုပ်ငန်းစဉ် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
လူထုမိခင် သက်ရှိထင်ရှား ရှိနေသေးလား
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေစဉ်၊ သို့မဟုတ် အကျဉ်းကျနေစဉ်မှာ သေဆုံးအောင် လုပ်ကြံလေ့ထုံးစံ မရှိပါဘူး။ ဒါဟာ သူတို့ထိန်းသိမ်းထားစဉ် သူတို့လက်ထဲမှာတင် မြန်မာပြည်ဖွား တစ်ယောက်တည်းသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သေဆုံးသွားတာမျိုး မဖြစ်စေချင်လို့ပါ။
အပြင်မှာ လွတ်မြောက်နေချိန်မှာသာ လက်ငှားပြီး လူသတ်ဖို့ ကြိုးစားတာမျိုး လုပ်ပေမယ့် ဖမ်းဆီးထားချိန်မျိုးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူသေအောင်ပြုခြင်းထက် နာမည်သေအောင်နဲ့ လူထုရင်ထဲက ပုံရိပ်သေအောင်သာ ပြုလုပ်လေ့ရှိပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကာစမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်ဖို့ ကြိုးပမ်းမှုတွေထဲက တစ်ခုအနေနဲ့ မဲခိုးတယ်လို့ စွပ်စွဲတာ၊ အဂတိမှုနဲ့ တရားစွဲတာတွေ လုပ်ဆောင်ခဲ့တာပါ။
ဒါပေမယ့် ဘယ်လိုပဲ နာမည်ဖျက်ဖို့ ကြိုးပမ်းပါစေ၊ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်တရားအပေါ် အကြွင်းမဲ့ ယုံကြည်နေတဲ့အခါ စစ်အုပ်စုရဲ့ စွပ်စွဲချက်တွေဟာ ရေပေါ်မှာ အရုပ်ရေးသလို လုံးဝ အရာမထင်ခဲ့ပါဘူး။ ဒါကြောင့်မို့ စစ်အုပ်စုဟာ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်သူ့ရင်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ပျောက်ဆုံးသွားအောင် ကြိုးပမ်းလာတော့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်လို့ ရှင်နေရင် လူရှိနေပြီး သေသွားရင် အလောင်းရှိရမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး ဘယ်သူနဲ့မှ ပေးမတွေ့တာ၊ သူ့သားအရင်းနဲ့ပါ ပေးမတွေ့တာဟာ သေသလား၊ ရှင်သလား ဘယ်သူမှ သေချာမသိရအောင် မရှင်းလင်းအောင် တမင်လုပ်ထားတာ ဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းမှာ သူတို့တပ်အသိုင်းအဝိုင်းထဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သတင်းတု လျှောက်လွှင့်ထားပါတယ်။
ဒီလိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ပြည်သူတွေကြားမှာ၊ အထူးသဖြင့် တော်လှန်ပြည်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ ယုံကြည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်တည်ခဲ့မှုကို အချိန်ကြာလာတာနဲ့အမျှ ‘ပျောက်သောသူ ကြာရင်မေ့’ ဆိုတဲ့ မြန်မာစကားပုံအတိုင်း လူထုက မေ့သွားစေဖို့၊ တစ်နည်းအားဖြင့် လူထုရင်ထဲက ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို သတ်ဖို့ ပျောက်ကွယ်သွားစေဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးလား၊ ရှိနေဖို့ များသော်ငြား မည်သူမျှ အတည်မပြုနိုင်ပါ။ သို့သော် စစ်အုပ်စုက သတ်ဖို့ အမှန်တကယ် ကြိုးစားနေတဲ့ လူထုရင်ထဲက ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည်ကား စစ်အာဏာရှင်နဲ့ သူ့လက်ဝေခံတို့ ဘယ်တော့မှ ဖျောက်ဖျက်နိုင်မှာ မဟုတ်တာ မြေကြီးလက်ခတ်မလွဲဘဲ ဖြစ်ပါတယ်။
လူထုရင်ထဲက ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို တော်လှန်ပြည်သူတွေအနေနဲ့ ဆက်လက်ရှင်သန်စေလျက် ဒေါ်အောင်ဆန်းစုကြည် ဆုံးမခဲ့တဲ့ စကားတွေအတိုင်း နေထိုင်ကျင့်သုံး ဆက်လက်ရုန်းထကြမယ်ဆိုရင် မဝေးတော့တဲ့ ကာလတစ်ခုမှာ လူတွေ မေ့သွားဖို့ သူတို့ဝှက်ထားတဲ့ လူသားရတနာ အမေ ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှေ့မှောက်မှာ မလွှဲမသွေ ပြန်လည်မြင်ခွင့်ရမှာ ဖြစ်တယ်ဆိုတာ တော်လှန်လူထုအားလုံးကို ဒီကနေ သတင်းစကားပါးလိုက်ပါရစေ။
“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”
စာတည်း-ကိုဆန်း
