အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် “အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန်” သဘောတူညီလိုက်ကြောင်း ဧပြီ ၇ ရက်တွင် ပြောကြားသည်။
ဝါရှင်တန်နှင့် တီဟီရန်အကြား ကြားဝင်စေ့စပ်ပေးနေပြီး အီရန်စစ်ပွဲတွင် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည့် ပါကစ္စတန်နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ထရမ့်က ဆိုသည်။
“ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာ့ဇ် ရှာရစ်နှင့် စစ်တပ်အကြီးအကဲ အာဆင် မူနီယာတို့နှင့် ဆွေးနွေးမှုများအပေါ် အခြေခံပြီး၊ ယနေ့ည အီရန်သို့ ပို့လွှတ်မည့် ဖျက်ဆီးနိုင်စွမ်းရှိသော စစ်အင်အားကို ရပ်ဆိုင်းပေးရန် ၎င်းတို့က တောင်းဆိုခဲ့သဖြင့်လည်းကောင်း၊ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ၊ ချက်ချင်းနှင့် လုံခြုံစွာ ဖွင့်လှစ်ပေးရန် သဘောတူညီမှုအပေါ် မူတည်ပြီး၊ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် သဘောတူလိုက်သည်” ဟု ထရမ့်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
“ဒါဟာ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲခြင်းမျိုး ဖြစ်လာမှာပါ” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံသည် ပါကစ္စတန်မှတစ်ဆင့် ဝါရှင်တန်သို့ အချက် ၁၀ ချက်ပါ အဆိုပြုချက်ကို တင်ပြပြီးနောက် အမေရိကန်နှင့် ဆွေးနွေးမှုများကို ဧပြီလ ၁၀ ရက်တွင် အစ္စလာမာဘတ်မြို့၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း ဧပြီ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
ထို့ပြင် အဆိုပါ ဆွေးနွေးပွဲများသည် စစ်ပွဲပြီးဆုံးခြင်းကို မဆိုလိုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါဆွေးနွေးပွဲများသည် ၁၅ ရက်အထိ ကြာမြင့်နိုင်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်ကြောင်း အီရန်က ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲများမှာ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေး၊ ပိတ်ဆို့မှုများ လျှော့ချရေးနှင့် ဒေသတွင်း စခန်းများမှ အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့များ ရုပ်သိမ်းရေးတို့ ပါဝင်သော အဆိုပြုချက်၏ အသေးစိတ်အချက်အလက်များကို အပြီးသတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
အီရန်အပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက ၎င်းတို့ဘက်မှ တိုက်ခိုက်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းခွင့်ကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်း၍ နှစ်ပတ်ကြာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
ပုံစာ – အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများကြားတွင် လူတစ်ဦး ထိုင်နေစဉ်
