အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးမှုများကို တရုတ်နိုင်ငံတွင် ပြုလုပ်လျက်ရှိရာ တိုးတက်မှုရှိကြောင်း အာဖဂန် အစိုးရက ဧပြီ ၇ ရက်တွင် ပြောကြားသည်။
အဆိုပါ တောင်အာရှအိမ်နီးချင်း နှစ်နိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစတင်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း အူရမ်ကီမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ညှိနှိုင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွများကို အာဖဂန်တာလီဘန်တို့က ခိုလှုံခွင့် ပေးထားသည်ဟု ပါကစ္စတန်က စွပ်စွဲထားသည့်အပေါ် အာဖဂန်က ငြင်းဆိုထားပြီး စစ်သွေးကြွလှုပ်ရှားမှုမှာ ပါကစ္စတန်၏ ပြည်တွင်းရေးပြဿနာသာ ဖြစ်သည်ဟု ပြောဆိုထားသည်။
အာဖဂန်နစ္စတန်၏ ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီယာ ခမ်း မူတာကီက ၎င်း၏ရုံးထုတ်ပြန်ချက်တွင် “ယခုအချိန်အထိ အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့ပြီး အသေးအဖွဲ အယူအဆကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲတိုးတက်မှုကို အဟန့်အတား မဖြစ်စေရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
အောက်တိုဘာလတွင် စတင်ခဲ့သော အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုမှာ အာဖဂန်ဘက်မှ ဖြစ်သည်။
ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာဦးဆောင်သည့် ပါကစ္စတန်စစ်တပ် အရာရှိများ၏ အစည်းအဝေးတွင် “အကြမ်းဖက်သမားများ၏ ခိုအောင်းရာနေရာများနှင့် ပါကစ္စတန်ကို တိုက်ခိုက်ရန် အာဖဂန်မြေကို အသုံးပြုနေမှုများ အပြတ်အသတ် အဆုံးမသတ်မချင်း” စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားရန် ဧပြီလ ၇ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။
ပြီးခဲ့သည့်လက ကာဘူးလ်ရှိ မူးယစ်ဆေးဖြတ်စင်တာတစ်ခုကို ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီးနောက် တိုက်ပွဲများကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်က အဆိုပါ တိုက်ခိုက်မှုသည် “စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကိုသာ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
