မင်းအောင်လှိုင်တွင် သမ္မတ ခေါ်ဝေါ်ခံရမည့် အရည်အချင်းမရှိဟု ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၀ ကျော် ထုတ်ပြန်

ဓာတ်ပုံ-ပေးပို့
ပုံစာ- ယနေ့ ဆိုးလ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ

မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင်သာဖြစ်ပြီး သမ္မတအဖြစ် ခေါ်ဝေါ်ခံရမည့် အရည်အချင်းမရှိကြောင်း တောင်ကိုရီး ယားအရပ်ဘက်အဖွဲ့ ၁၀၀ ကျော်က ထုတ်ပြန်လိုက်သည်။

ယနေ့(ဧပြီ၈ရက်)ကိုရီးယားစံတော်ချိန် နံနက်၁၁နာရီတွင် ဆိုးလ်မြို့၊စစ်ကော်မရှင်သံရုံးရှေ့၌ ကျင်း ပသည့် ကိုရီးယာအရပ်ဘက်အဖွဲ့၁၀၆ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် အတုအယောင်ရွေးကောက်ပွဲ ဖြင့် အရပ်သားအစိုးရအရေခြုံရန် ကြိုးစားနေသည့် စစ်အုပ်စု၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြပြီး အထက်ပါအတိုင်းလည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တောင်ကိုရီးယားမြို့အသီးသီးမှာရှိတဲ့ မြန်မာ့အရေးကို အားပေးထောက်ခံတဲ့ ကိုရီးယားအရပ်ဘက် အဖွဲ့အစည်း ၁၀၆ဖွဲ့ရှိပါတယ်။အဲဒီအဖွဲ့တွေကို ကိုယ်စားပြုပြီး ဆိုးလ်မြို့က တာဝန်ခံတွေက သတင်း စာရှင်းပွဲ လုပ်တာပါ”ဟု တောင်ကိုးရီးယားအခြေစိုက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ်-MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း Tom Andrews ပြောသ လို မင်းအောင်လှိုင်သည် အာဏာကို ဘယ်ဘက်လက်မှ ညာဘက်လက်သို့ ပြောင်းကိုင်လိုက်ခြင်းပင် ဖြစ်ကြောင်း သတင်းစာရှင်းပွဲ ထုတ်ပြန်ချက်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု ကျူးလွန်ခဲ့သော ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုများ အားလုံး ၏ ထိပ်ဆုံးတွင် မင်းအောင်လှိုင်ရှိနေကြောင်း ဧပြီ၆ရက်အထိ စာရင်းများအရ မင်းအောင်လှိုင်သည် ပြည်သူပေါင်း ၇၉၆၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဂွမ်ဂျူးပြည်သူများကို သတ်ဖြတ်ပြီး သမ္မတဖြစ်လာ ခဲ့သည့် ချန်ဒူးဝမ်၏ နောက်ဆုံးနိဂုံးကို ကောင်စွာမှတ်မိနေကြောင်း ကိုရီးယားအရပ်ဘက်အဖွဲ့များက ဆိုသည်။

“မင်းအောင်လှိုင်သည်လည်း ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ထိုက်တန်သည့် အပြစ်ပေးမှုကို မလွဲမသွေ ခံရမည်ဖြစ်ပြီး သမ္မတအဖြစ်လည်း မည်သည့်အခါမျှ အသိအမှတ်ပြုခံရမည်မဟုတ်ပေ” ဟု ကိုရီးယားအရပ်ဘက်အဖွဲ့များက ဆိုသည်။

မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော် မတီ( SCEF)သည် မြန်မာ့ဒီမိုကရေစီ၏ မျှော်လင့်ချက်ဖြစ်လာလိမ့်မည်ဟု ကိုရီးယားအရပ်ဘက်အဖွဲ့ များက မျှော်လင့်ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများအနေနှင့် ပြီးခဲ့သည့် ၅ နှစ်တာ၏ အား နည်းချက်များကို ကျော်လွှားကာ ဆင်ခြင်သုံးသပ်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်လိမ့် မည်ဟုလည်း မျှော်လင့်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာအသိုက်အဝန်းအနေနှင့် မင်းအောင်လှိုင်ကို သမ္မတအဖြစ် လုံးဝအသိအမှတ်မပြုကြရန် နှင့် အာဆီယံအနေဖြင့်လည်း အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုအပေါ် ထားရှိသည့် ရပ်တည် ချက်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အာဆီယံ အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ကိုရီးယားအရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ကိုရီးယားအရပ်ဘက်အဖွဲ့တာဝန်ရှိသူ ၈ဦးနှင့် မြန်မာတော်လှန်ရေးရဲ ဘော် ၇ ဦး တက်ရောက်ခဲ့သည်။