ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘောလုံးပွဲ၌ လူငယ် ၁၀၀ ကျော် စစ်မှုထမ်းရန် ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် အသက်ပြည့်ပြီးသည့် မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC / MDF)က ထုတ်ပြန်လိုက်သည်။
ဧပြီ ၄ရက်က ပလက်ဝမြို့နယ်၊ ရကားရွာတွင် ကျင်းပသော မရာကျေးရွာပေါင်းစုံ ဘောလုံးပွဲလာ လူငယ် ၁၀၀ ကျော်ကို MTC / MDF က စစ်မှုထမ်းရန် ခေါ်ဆောင်သွားခဲ့ရာ အသက်မပြည့်သည့်လူ ငယ်များလည်း ပါဝင်ကြောင်း ပလက်ဝမြို့နယ် သတင်းရင်းမြစ်ထံက သိရသည်။
” အသက်ကြီးတဲ့ လူကြီးတွေကိုထားခဲ့ပြီး အသက်မပြည့်သေးသူအပါအဝင် လူငယ် ၁၀၀ ကျော် ကိုတော့ ခေါ်ဆောင်သွားခဲ့တာပါ။ ကျေးရွာပေါင်းစုံ ဘောလုံးပွဲဆိုတော့ လူတွေကစုံတယ်။ ဘယ်ရွာ ဘယ်နှစ်ယောက်ပါသွားလဲ မသိရဘူး။ ကား ၇ စီးနဲ့ တင်ခေါ်သွားတာပါ။ မနေ့ ( ဧပြီ ၇ ရက် ) က ကျေးရွာဥက္ကဌတွေ၊ ရပ်မိရပ်ဖတွေနဲ့ လိုင်လင်းပီမြို့အထိ လိုက်သွားပြီး လူငယ်တွေ ပြန်လည်လွတ် မြောက်ရေးအတွက် ဆွေးနွေးမှုတွေလုပ်ခဲ့ပေမဲ့ အကြောင်းမထူးပါဘူးဗျ ” ဟု ၎င်းကဧပြီ၈ရက်တွင် MPAသို့ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ MTC/MDF ကို MPA က ဆက်သွယ်မေးမြန်းခဲ့ရာ အသက်မပြည့်သေးသူ များကို စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်း မရှိကြောင်း ယင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။
” ကျနော်တို့ဘက်က လူကြီးတွေလည်း အဲဒီပွဲကို ရောက်တဲ့သူတွေရှိပါတယ်။ မိမိဒေသကို ကာကွယ် ဖို့ ဘယ်လောက်လိုအပ်ကြောင်း အသိပေးပြီးဖြစ်သလို ပွဲချိန်မှာ အားလုံးအတူတကွ ကောင်းကောင်း မွန်မွန်နဲ့ ပြီးကြပါတယ်။ အသက်မပြည့်တဲ့ လူငယ်တွေကိုတော့ ကျနော်တို့ဘက်က စစ်မှုထမ်းစေတာ မျိုး မရှိသေးပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
မရာနယ်မြေလုံခြုံရေးနှင့် ဆက်စပ်သည့် စစ်မှုထမ်းဥပဒေကို ဒုတိယအကြိမ် မရာပြည်သူ့ညီလာခံ သက်တမ်း၊ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက် ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကာ မရာပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရန် အသိပေးကြောင်း ဧပြီ၈ရက် ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်ကာ အာရက္ခတပ်တော် – AA ၏ မဟာမိတ်တပ်ဖွဲ့လည်းဖြစ်သည်။
