မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်ကိုရီးယားက EU ကို အကူအညီတောင်း

ပုံစာ - တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်တွင် တွေ့ရသည့် မြောက်ကိုရီးယား စစ်သားများ

တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် ဖြစ်ပေါ်နေသော နှစ်နိုင်ငံကြား အယုံအကြည်မဲ့မှုနှင့် ရန်လိုမှုတို့ကို အဆုံးသတ်နိုင်ရန်နှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အောင်မြင်မှုတစ်ခု ရရှိစေရန် ဥရောပသမဂ္ဂ (EU) အား ကြားဝင်စေ့စပ်ပေးရန် တောင်းဆိုလိုက်သည်။

“တောင်နှင့် မြောက်ကိုရီးယားအကြား EU က ကြားဝင်ဆောင်ရွက်ပေးမည့် နှစ်နိုင်ငံပေါင်းတစ်နိုင်ငံ (two-plus-one) နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် EU အနေနဲ့ စဉ်းစားပေးစေလိုပါတယ်” ဟု တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး ချောင်ဒုံယောင်းက ပြီးခဲ့သည့်သီတင်းပတ်က ဆိုးလ်မြို့တွင် ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ရန်လိုမှုများကို ဖြေရှင်းခဲ့ပြီး ဒေသတွင်း ပေါင်းစည်းမှုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည့် သမိုင်းကြောင်းရှိသည့်အတွက် EU သည် အကောင်းဆုံးသော ကြားဝင်စေ့စပ်သူ ဖြစ်သည်” ဟု ဝန်ကြီး ချောင်က ထပ်လောင်းပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

အဆိုပါတွေ့ဆုံပွဲကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် တောင်ကိုရီးယားသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိမလာမီ တစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း သမ္မတ မက်ခရွန်သည် သမ္မတ လီဂျယ်မြောင်နှင့် တွေ့ဆုံကာ ကာကွယ်ရေး၊ နည်းပညာ၊ စွမ်းအင်နှင့် အရေးကြီးသော သတ္တုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း လုံခြုံရေးအတွက် ကင်ဂျုံအန်း၏ အစိုးရနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုမှန်သမျှကို လေ့လာစူးစမ်းသင့်သည်ဟု လေ့လာသူများက သုံးသပ်ကြသော်လည်း EU ၏ ပါဝင်ပတ်သက်မှုသည် ရလဒ်ကောင်း ထွက်ပေါ်လာလိမ့်မည်ဟု အကောင်းမြင်မှု အလွန်နည်းပါးနေသည်။

“ဝန်ကြီးအနေနဲ့ EU ကိုယ်စားလှယ်အဖွဲ့ကို ‘အခွင့်သာခိုက် အသုံးချရမယ့် ပစ်မှတ်’ တစ်ခုလို မြင်ပုံရပြီး ဥရောပကို ဒီအခန်းကဏ္ဍမှာ ပါဝင်လာဖို့ သဘောတူညီချက်ရအောင် ကြိုးပမ်းခဲ့တာလို့ ကျွန်တော် ယူဆပါတယ်” ဟု ဆိုးလ်မြို့ရှိ Hankuk နိုင်ငံခြားရေးရာတက္ကသိုလ်မှ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးပါမောက္ခမက်ဆန်ရစ်ချေးက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ကင်ဂျုံအန်းအနေနဲ့ ဥရောပကို သိပ်ပြီး ဂရုစိုက်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး၊ EU က အမေရိကန်ကို အစားထိုးလို့ရမှာ မဟုတ်ဘူး” လည်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် EU အနေဖြင့် ကူညီဆောင်ရွက်ပေးရန် အသေအချာပင် ဆန္ဒရှိနိုင်ကြောင်း၊ ဂျာမနီနှင့် ပိုလန်အပါအဝင် ဥရောပနိုင်ငံအတော်များများသည် မြောက်ကိုရီးယားတွင် သံရုံးများ ဖွင့်လှစ်ထားသည့်အတွက် မြောက်ကိုရီးယားအစိုးနှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိကြောင်းလည်း ရစ်ချေးက ပြောကြားသည်။

သို့သော် ရလဒ်ကောင်းတစ်ခုခု မရနိုင်ဟု မှတ်ယူပါက ဥရောပသမဂ္ဂအနေဖြင့် ပါဝင်ပတ်သက်ရန် ဆန္ဒနည်းသွားလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။