ဂျာမနီလူငယ် ငါးဦးလျှင် တစ်ဦး ပြည်ပတွင် သွားရောက်အခြေချရန် စီစဉ်နေ

ဓာတ်ပုံ - Reuters

ဂျာမနီနိုင်ငံတွင် အသက် ၁၄ နှစ်မှ ၂၉ နှစ်ကြား လူငယ်အများအပြားသည် ပြည်ပသို့ ထွက်ခွာရန် စီစဉ်နေကြောင်း “Jugend in Deutschland” (Youth in Germany) အမည်ပေးထားသည့် မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းတွင် ဂျာမနီလူငယ် ၂၁ ရာခိုင်နှုန်းခန့်သည် ပိုမိုကောင်းမွန်သော ဘဝကို ရှာဖွေရန်အတွက် နိုင်ငံတွင်းမှ ထွက်ခွာရန် စီစဉ်နေကြကြောင်း သိရသည်။

ထို့အပြင် ၄၁ ရာခိုင်နှုန်းသော လူငယ်များကလည်း ရေရှည်တွင် ပြည်ပသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း ပြောဆိုခဲ့ကြသည်။

ယခု တွေ့ရှိချက်များသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အတွင်း Datajockey Verlag မှ ပြုလုပ်ခဲ့သော ဂျာမနီရှိ အသက် ၁၄ နှစ်မှ ၂၉ နှစ်ကြား လူဦးရေ ၂,၀၁၂ ဦးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြု ကောက်ယူခဲ့သည့် စစ်တမ်းအပေါ် အခြေခံထားခြင်း ဖြစ်သည်။

စစ်တမ်းဖြေဆိုသူများက လွန်ခဲ့သော နှစ်နှစ်အတွင်း စီးပွားရေး တုံ့ဆိုင်းနေသည့် ဂျာမနီ၏ စီးပွားရေး လုံခြုံမှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။

အိမ်ရာစရိတ်များ မြင့်တက်လာခြင်း၊ AI ကြောင့် အလုပ်အကိုင် အလားအလာ နည်းပါးလာခြင်းနှင့် ငွေကြေးဆိုင်ရာ ဖိအားများကြောင့် လူငယ်များ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ခက်ခဲလာစေသည်ဟု ပါဝင်ဖြေဆိုသူများက ဆိုသည်။

“ဒီလေ့လာမှုရဲ့ ရလဒ်တွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း ခံစားခဲ့ရတဲ့ ဖိအားတွေဟာ လူငယ်တွေကို စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ အနာဂတ်အလားအလာ မရှိတော့ဘူးဆိုတဲ့ ခံစားချက်တွေကို ဘယ်လောက်အထိ ဆိုးဆိုးရွားရွား သက်ရောက်နေသလဲဆိုတာကို ပြသနေပါတယ်” ဟု လေ့လာမှု ဒါရိုက်တာ Simon Schnetzer က ပြောကြားခဲ့သည်။

ဂျာမနီရှိ Gen Z မျိုးဆက်များသည် နိုင်ငံရေးအရ အစွန်းရောက်သည့် ဘက်သို့လည်း ယိမ်းယိုင်လာကြသည်။

ဂျာမနီ၏ “Tagesschau” သတင်းအစီအစဉ်၏ အစီရင်ခံစာအရ မကြာသေးမီက ပြုလုပ်ခဲ့သည့် Rhineland-Palatinate ပြည်နယ် ရွေးကောက်ပွဲတွင် အသက် ၂၅ နှစ်အောက် မဲဆန္ဒရှင် ၂၁ ရာခိုင်နှုန်းသည် လက်ယာစွန်း Alternative for Germany (AfD) ပါတီကို မဲပေးခဲ့ကြကြောင်း သိရသည်။

လက်ဝဲပါတီဖြစ်သော Die Linke သည် အဆိုပါအသက်အုပ်စု၏ မဲ ၁၉ ရာခိုင်နှုန်းကို ရရှိခဲ့သည်။

ထို့အပြင် နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်း ပိုမိုကွဲပြားလာခြင်း၊ အထူးသဖြင့် လက်ယာစွန်းပါတီများ အင်အားကောင်းလာခြင်းတို့ကလည်း လူငယ်အများအပြားကို နိုင်ငံမှ ထွက်ခွာရန် စဉ်းစားစေသည့် အကြောင်းရင်းတစ်ခု ဖြစ်လာသည်။

ဘာလင်မြို့ Humboldt တက္ကသိုလ်မှ လူမှုရေးနှင့် ယဉ်ကျေးမှုဘာသာရပ် မဟာတန်းကျောင်းသူ Riff က “ကျွန်မရဲ့ သူငယ်ချင်းတိုင်းလိုလိုက ဒီအကြောင်းကို စဉ်းစားနေကြတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လူမျိုးရေးအရ ခွဲခြားခံရသူတွေ ဒါမှမဟုတ် လူနည်းစုထဲမှာ ပါဝင်နေသူတွေဆိုရင် ပိုဆိုးတာပေါ့” ဟု DW သို့ ပြောကြားသည်။

“ကျွန်မ ပိုပြီး စိုးရိမ်လာရပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုဆိုင်ရာ အလုပ်အကိုင်တွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အလုပ်အကိုင်တွေ အဖြတ်တောက်ခံနေရတာကြောင့်ပါ။ ဖက်ဆစ်စနစ် ထွန်းကားလာနေပြီလို့ ကျွန်မ ထင်မိတယ်” ဟုလည်း ပြောကြားသည်။

Riff သည် လက်ယာစွန်း AfD ပါတီ၏ သိသာထင်ရှားလာမှုကို ထောက်ပြခဲ့သလို၊ ခရစ်ယာန် ဒီမိုကရက်တစ် (CDU) ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် နှင့် ညွန့်ပေါင်းအဖွဲ့ဝင်များက လက်ယာယိမ်း မဲဆန္ဒရှင်များကို ချော့မြှော့ရန် လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

“သူတို့က AfD က လုပ်မယ်လို့ ကတိပေးထားတဲ့ အဆင့်အချို့ကိုတောင် စတင် လုပ်ဆောင်နေကြပြီဆိုတော့ ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ ဘယ်ကို သွားရမလဲဆိုတဲ့ မေးခွန်းကတော့ အဖြေမရှိသေးဘူး။ ပြောင်းရွှေ့နေထိုင်ဖို့က မလွယ်ဘူးဆိုတာ ကျွန်မ သိပါတယ်” ဟု သူမက ဆိုသည်။

ထို့အပြင် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်သည်ဟု ဆိုသော ဂျာမနီ လူငယ်အရေအတွက်သည် ၂၉ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ရာတွင် အမျိုးသမီးငယ်များတွင် ၃၄ ရာခိုင်နှုန်း၊ ကျောင်းသားများတွင် ၃၂ ရာခိုင်နှုန်းနှင့် အလုပ်လက်မဲ့ လူငယ်များတွင် ၄၂ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေသည်။

စစ်တမ်းဖြေဆိုသူ အများအပြားက သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် AI အသုံးပြုထားသော အကြံပေးဝန်ဆောင်မှုများကို ပိုမိုအားကိုးလာကြကြောင်း ဖော်ပြခဲ့ကြသည်။

ဟမ်းဘတ်မြို့မှ အသက် ၂၉ နှစ်အရွယ် ဥပဒေကျောင်းသား Frederick က “ကျွန်တော် မနှစ်က PhD အတွက် တိုကျိုမှာ သုံးလကြာ နေခဲ့ဖူးတယ်၊ အဲ့ဒါကို တကယ်ပဲ သဘောကျခဲ့တာကြောင့် နောက်နှစ်မှာ အဲ့ဒီကို ပြောင်းဖို့ စဉ်းစားနေပါတယ်” ဟု DW သို့ ပြောကြားခဲ့သည်။

သို့သော် ဂျာမနီသည် ရှေ့နေငယ်များအတွက် ကောင်းမွန်သော ဈေးကွက်ဖြစ်သောကြောင့် ငွေကြေးကြောင့် ပြောင်းရွှေ့ချင်ခြင်း မဟုတ်ကြောင်း သူက အလေးအနက် ပြောကြား သည်။
“ကျွန်တော်က ကွဲပြားခြားနားတဲ့ နေထိုင်မှုပုံစံကို တကယ် သဘောကျသွားတာပါ။ အဲ့ဒီမှာက ပိုပြီး အေးချမ်းတယ်၊ ပိုပြီး သန့်ရှင်းတယ်၊ ယေဘုယျအားဖြင့်တော့ ဗီယင်နာ၊ လန်ဒန် ဒါမှမဟုတ် ပဲရစ်မှာ နေဖို့ကိုလည်း ကျွန်တော် စဉ်းစားမှာပါ” ဟု ၎င်းက ဆိုသည်။

ဂျာမနီနိုင်ငံသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နောက်တွင် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် အမည်ခံ ဂျီဒီပီ (Nominal GDP) အရ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ် Destatis စစ်တမ်းအရ ဆွစ်ဇာလန်နိုင်ငံသည် လူငယ်များ အသွားချင်ဆုံးနေရာဖြစ်ပြီး၊ ၎င်းနောက်တွင် သြစတြီးယားနိုင်ငံက ဒုတိယလိုက်သည်။

သြစတြီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဗီယင်နာမြို့သည် စိတ်ချရသော ပြည်သူ့ဝန်ဆောင်မှုများနှင့် မြင့်မားသော လူနေမှုဘဝအရည်အသွေးတို့ကြောင့် ကမ္ဘာ့နေထိုင်ရန် အကောင်းဆုံးမြို့များစာရင်းတွင် အမြဲတစေ ပါဝင်နေလေ့ရှိသည်။

Mercer ၏ ၂၀၂၄ ခုနှစ် လူနေမှုဘဝအရည်အသွေး စစ်တမ်းတွင် ဗီယင်နာမြို့သည် ဇူးရစ်မြို့၏နောက်တွင် ကမ္ဘာ့ဒုတိယအဆင့်၌ ရပ်တည်ခဲ့သည်။ အခြားသော ထိပ်တန်းမြို့များစာရင်းဝင်နိုင်ငံများတွင် အမေရိကန်၊ စပိန်နှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်သည်။

လက်တင်ဘာသာစကားနှင့် ဂီတဘာသာရပ်ကို လေ့လာနေပြီး ဆရာတစ်ဦးဖြစ်ရန် ရည်မှန်းထားသူ Kaspar Ten Haaf ကလည်း “ဂျာမနီမှာ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကြားမှာ ကွာဟချက် အကြီးကြီးရှိနေပါတယ်။ သာမန်အလုပ်သမားတွေအပေါ်မှာ အခွန်တွေ အများကြီး ကောက်ခံနေပေမဲ့၊ ချမ်းသာတဲ့သူတွေ သူတို့ရဲ့ ဘိုးဘွားတွေဆီက အမွေဆက်ခံထားတဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာတော့ အခွန်မရှိသလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ချမ်းသာတဲ့သူတွေဆီက အခွန်ပိုကောက်ဖို့ တကယ်လိုအပ်သလို၊ ပါဆယ်လိုက်ပို့တဲ့သူတွေ ဒါမှမဟုတ် ဆေးရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုလည်း ထောက်ပံ့ပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။