တောင်ဥက္ကလာတွင် ညဘက် ကွမ်းထွက်ဝယ်သည့်လူငယ်ကို အုပ်ကြီးနှင့်အဖွဲ့ ဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစား

ဓာတ်ပုံ- - Pro-junta တယ်လီဂရမ်ချန်နယ်
ပုံစာ- စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်ပစ္စည်းများ ဝေပေးနေပုံ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ညဘက် ကွမ်းယာထွက်ဝယ်သည့် လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဖမ်းဆီးကာ စစ်တပ်ထံသို့ ရောင်းစားလိုက်ကြောင်း သိရသည်။

ဧပြီ၇ရက်၊ ည၁၀နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊၅ရပ်ကွက်၊ ဗြဟ္မာစိုလ်လမ်းပေါ်တွင် လူငယ်အမျိုးသားတစ်ဦး ကွမ်းယာထွက်ဝယ်နေစဉ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး ဖမ်းဆီး၍ အဓမ္မစစ်မှုထမ်းခိုင်းကြောင်း Rangoon Scout Network – RSN က ယနေ့(ဧပြီ၈ရက်)သတင်းထုတ်ပြန်သည်။

“ပါသွားတဲ့လူငယ် စစ်မှုထမ်းဖို့ ခေါင်းညိတ်လိုက်ရတယ်ဗျ။ထောင်ကျခံပြီးမှ စစ်မှုထမ်းမလား၊ အခု စစ်မှုထမ်းမလားဆိုပြီး အကျပ်ကိုင်တယ်လို့ သိရပါတယ်”ဟု RSN တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။

၅ ရပ်ကွက်ရုံးထဲတွင် အဆိုပါလူငယ်အပြင် ဖမ်းဆီးခံထားရသူ ၆ဦးရှိနေပြီး ယင်းဖမ်းဆီးခံထားရသူတို့ ၏ မိသားစုများကို ငွေဖြင့် ပြန်ရွေးခိုင်းကာ ပြန်မရွေးနိုင်သူများအား စစ်တပ်ထံ ပြန်ရောင်းစား ကြောင်း RSN က ထုတ်ပြန်ထားသည်။

“သူ(ကွမ်းယာထွက်ဝယ်ရင်း ဖမ်းဆီးခံရသူ)နဲ့ သိတဲ့သူဆီကတစ်ဆင့် ပြန်သိရတာပါ။ ကျန်တဲ့အသေး စိတ်ကိုတော့ မေးထားတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

၅ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အချုပ်ခန်းပုံစံ ဖွဲ့စည်းထားသည့် အခန်းတစ်ခန်းရှိကြောင်း သိရသည်။