မနောမြေမှတေးသံသာ သီချင်းဖြင့် ပရိသတ်အခိုင်အမာရရှိထားသည့် ကချင်အဆိုတော် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ယနေ့ ဧပြီ ၉ ရက်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ မနောမြေမှတေးသံသာ သီချင်းကို အတူတွဲဖက်သီဆိုထားသည့် Maran Seng Naw က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “Ko Jat ရေ ငြိမ်းချမ်းစွာ အနားယူပါတော့ 😭 RIP ဂျက်ဆန်ထွန်း” ဟု ဝေမျှထားသည်။
“အရင်တစ်ပတ် သတင်းတွေထွက်ကတည်းက သူက ICU ခန်းထဲမှာ ရောက်နေတယ်လို့ သိရတယ်။ ဒီနေ့ကတော့ ဆုံးသွားပြီဆိုတာ ကချင်အနုပညာအသိုင်းအဝိုင်းကလည်း အတည်ပြုထားတယ်” ဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုတော် ဂျက်ဆန်ထွန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်၌ ဦးနှောက်သွေးကြောပြတ်ဝေဒနာဖြင့် တရုတ်နိုင်ငံ၊ ရင်ကျန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်အတွင်း ယနေ့ (ဧပြီ ၉ ရက်) တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွင်လည်း အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်ခဲ့သည့်အပေါ် ဝမ်းနည်းရကြောင်း ကချင်အနုပညာအသိုင်းအဝိုင်းနှင့် ပရိသတ်များက ပို့စ်တင်မျှဝေထားကြသည်။
“အဆိုတော် ဂျက်ဆန်ထွန်းက လိုင်ဇာမှာလည်း သူ့ကို ခဏခဏတွေ့ရတယ်။ ယာဉ်ကြောရှင်းပေးတဲ့နေရာတွေမှာ တွေ့ရတာ။ အရမ်းသဘောကောင်းတယ်။ အခုလိုမျိုး သေဆုံးသွားတယ်လို့ ကြားတော့ စိတ်မကောင်းဖြစ်ရတယ်” ဟု လိုင်ဇာမြို့၌ နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်ခန့်က အဆိုတော် ဂျက်ဆန်ထွန်း ဦးနှောက်သွေးကြောပြတ်ဝေဒနာဖြင့် တရုတ်နိုင်ငံ၌ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး အဆိုတော် မိုင်းမိုင်ဆိုင်းမှလည်း အဆိုပါ သတင်းမှားများကို ပြန်လည်တုံ့ပြန်ခဲ့သေးသည်။
