Easter ပွဲတော် ကာလအတွင်း ရုရှားနှင့် ယူကရိန်းတို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ခရစ်ယာန်ဘာသာမှ Orthodox ဂိုဏ်းဝင်တို့၏ အီစတာပွဲတော် အားလပ်ရပ်အတွက် အပစ်အခတ်ရပ်စဲထားရန် ယူကရိန်းက အဆိုပြုခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ယင်းကာလအတွင်း ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရန် ကြေညာထားသည်။

အားလပ်ရက် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အမေရိကန်မှတစ်ဆင့် ပေးပို့ထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်းစကီးက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

“နီးကပ်လာပြီဖြစ်သော အောသိုဒေါ့စ် အီစတာပွဲတော်နှင့် ဆက်စပ်၍ ဧပြီလ ၁၁ ရက် ၁၆:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၃:၀၀ နာရီ) မှ ၂၀၂၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ကုန်ဆုံးချိန်အထိ အပစ်အခတ်ရပ်စဲရေးကို ကြေညာသည်” ဟု ဧပြီ ၉ ရက်နေ့တွင် ပူတင်၏ ထုတ်ပြန်ချက်ကို ၎င်းတို့၏ အစိုးရက ထုတ်ပြန်ထားသည်။

“အဆိုပါကာလအတွင်း ဘက်ပေါင်းစုံတွင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း” နှင့် တပ်ဖွဲ့ဝင်များသည် “ရန်သူ၏ ဖြစ်လာနိုင်သော မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန်” အသင့်ရှိနေကြောင်းလည်း ရုရှားအစိုးရက ပြောကြားသည်။

“ယူကရိန်းဘက်ကလည်း ရုရှားဖက်ဒရေးရှင်းရဲ့ စံနမူနာကို လိုက်နာလိမ့်မယ်လို့ ကျွန်ုပ်တို့ ယူဆပါတယ်” ဟု ဆိုသည်။

အမေရိကန်က ဦးဆောင်သည့် ဆွေးနွေးပွဲ အကြိမ်ကြိမ်မှာ စစ်ဖြစ်ပွားနေသည့် နှစ်ဖက်စလုံးကို သဘောတူညီချက်ရရှိရန် နီးစပ်အောင် မဆောင်ရွက်နိုင်ခဲ့ဘဲ၊ အမေရိကန်၏ အာရုံစိုက်မှုက အီရန်ဘက်သို့ ရောက်ရှိသွားချိန်တွင် ဆွေးနွေးပွဲများ ပိုမိုရပ်တန့်သွားခဲ့သည်။

ထို့အပြင် လက်နက်ချခြင်းနှင့် အတူတူပင်ဖြစ်သည်ဟုဆိုကာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ပယ်ချထားသော နယ်မြေနှင့် နိုင်ငံရေးဆိုင်ရာ အလျှော့ပေးမှုများကို ရုရှားဘက်က တောင်းဆိုနေခြင်းကြောင့် ညှိနှိုင်းမှုများမှာ ရှေ့မတိုးသာဘဲ ဖြစ်နေသည်။

အဆိုပါစစ်ပွဲကြောင့် လူပေါင်း သိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အသေအပျောက်အများဆုံး ပဋိပက္ခဖြစ်လာခဲ့သည်။