ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အခမ်းအနားတွင် မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော်လည်း အခမ်းအနား ဖြစ်စဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယကအပေါ် ထားရှိသည့် ဆက်ဆံရေးမှာ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ဦးအောင်လင်းဒွေးက နိုင်ငံတော်သမ္မတအဖြစ် ကျိန်ဆိုမည့် မင်းအောင်လှိုင်အား ဂါရဝပြု ကြိုဆိုခဲ့သော်လည်း မင်းအောင်လှိုင်ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ဂါရဝပြုခြင်း မရှိဘဲ လျစ်လျူရှု ကျော်ဖြတ်သွားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
ယင်းကဲ့သို့ ပြုမူမှုသည် နိုင်ငံတော်အဆင့် အခမ်းအနားဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် မဏ္ဍိုင်ကြီးများအကြား အပြန်အလှန် လေးစားမှုရှိရမည့် ကျင့်ဝတ်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် နိုင်ငံတကာသံတမန်ရေးရာ စံနှုန်းများအရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်အကြီးအကဲများအကြား အပြန်အလှန် ဂါရဝပြုခြင်းမှာ မရှိမဖြစ်လိုအပ်သည့် အစဉ်အလာတစ်ရပ် ဖြစ်သည်။
လေ့လာသူများ၏ သုံးသပ်ချက်အရ ယခုလုပ်ရပ်သည် လွှတ်တော်နာယကအား ဥပဒေပြုရေးမဏ္ဍိုင်၏ အကြီးအကဲအဖြစ်ထက် ၎င်း၏ လက်အောက်ခံ အရာရှိဟောင်းတစ်ဦးကဲ့သို့ သဘောထားခြင်းကို ပြသနေကြောင်း ဆိုကြသည်။
“စစ်တပ်မှာသုံးတဲ့ အထက်လူကြီးနဲ့ လက်အောက်ငယ်သား အမိန့်ပေးစနစ်ကို အရပ်ဘက် အုပ်ချုပ်ရေးယန္တရားထဲမှာပါ သိသိသာသာ ထည့်သုံးလိုက်တာမျိုးလေ၊ သိပ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ခွေးက ပလ္လင်ပေါ်တက်တော့ ဖြစ်တာပါပဲ “ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နိုင်ငံတော်၏ အမြင့်ဆုံး မဏ္ဍိုင်ကြီးများအကြား တန်းတူညီမျှမှုနှင့် အခြေခံဥပဒေဆိုင်ရာ ဂုဏ်သိက္ခာအပေါ် အလေးထားမှု အားနည်းနေခြင်းကို ပေါ်လွင်စေခဲ့သည်။
အထူးသဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်တွင် မဏ္ဍိုင်များအကြား အပြန်အလှန် ထိန်းကျောင်းမှုနှင့် လေးစားမှုရှိရန် လိုအပ်သော်လည်း ယခုအခါ အာဏာအကြွင်းမဲ့ ချုပ်ကိုင်လိုသည့် ပုံစံကိုသာ ဦးတည်နေခြင်းဖြစ်သည်။
