အရှေ့အလယ်ပိုင်းနိုင်ငံအချို့တွင် အီရန်ထုတ် “Shahed” ဒရုန်းများကို ယူကရိန်း တပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၁၀ ရက်နေ့တွင် ပြောကြားသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများအပြားတွင် လေကြောင်းရန်ကာကွယ်ရစနစ်များ မြှင့်တင်ရန် ကူညီပေးနေကြောင်း ဇလန်းစကီးက ပြောကြားခဲ့သော်လည်း အမည်များကို ဖော်ပြခြင်း မပြုခဲ့ပေ။
ယူကရိန်းကျွမ်းကျင်သူ ၂၀၀ ကျော်ကို အဆိုပါဒေသသို့ စေလွှတ်ထားကြောင်းလည်း ဇလန်းစကီးက ယခင်က ပြောကြားခဲ့ဖူးသည်။
“ကြားဖြတ်ပစ်ခတ်တဲ့ စနစ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ ကျွန်တော်တို့ တချို့နိုင်ငံတွေကို လက်တွေ့ပြသခဲ့ပါတယ်” ဟု ဧပြီ ၁၀ ရက်နေ့က သတင်းထောက်များကို ဇလန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံသည် ၎င်း၏ မြို့ကြီးများနှင့် အရှေ့ဘက်စစ်မျက်နှာတလျှောက်တွင် ရုရှား၏ နေ့စဉ်နီးပါး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို လေးနှစ်ကျော်ကြာ ခံစားနေရသဖြင့် ခေတ်သစ် ဒရုန်းဟန့်တားရေးစစ်ပွဲတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ရုရှားက အသုံးပြုနေသော ဒရုန်းအများစုမှာ အီရန်ထုတ် “Shahed” အမျိုးအစားများဖြစ်ပြီး အီရန်အစိုးရသည် အဆိုပါဒရုန်းများကို လွန်ခဲ့သည့်လအတွင်းက ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ပစ်မှတ်များသို့ ပစ်လွှတ်ခဲ့သည်။
“ဟုတ်ပါတယ်၊ သူတို့ Shahed ဒရုန်းတွေကို ပစ်ချနေခဲ့တာပါ” ဟု ဇလန်းစကီးက အတည်ပြုပြောကြားခဲ့သည်။
“ဒါဟာ လေ့ကျင့်ရေးမစ်ရှင် ဒါမှမဟုတ် စစ်ရေးလေ့ကျင့်မှုအကြောင်း မဟုတ်ပါဘူး၊ တကယ်လက်တွေ့ အလုပ်ဖြစ်တဲ့ ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ် တည်ဆောက်ရာမှာ ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
ယူကရိန်းအစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် သံတမန်ရေးရာ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေစဉ် ဇလန်းစကီးသည် ပြီးခဲ့သည့်အပတ်က ဆော်ဒီအာရေဗျ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ခရီးတိုများ သွားရောက်ခဲ့သည်။
ရုရှား၏ ကျူးကျော်မှုကို ဆက်လက်တွန်းလှန်နိုင်ရန် စစ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးအရ အထောက်အပံ့များ ရရှိရေးအတွက် ယူကရိန်းက ခက်ခက်ခဲခဲ ရယူထားရသည့် ဒရုန်းစစ်ပွဲဆိုင်ရာ ကျွမ်းကျင်မှုများကို အပြန်အလှန်ဖလှယ်ရန် ဇလန်းစကီးက ကမ်းလှမ်းခဲ့သည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအတွက် အထောက်အပံ့တွေ ပြန်ရဖို့ သူတို့ရဲ့ လုံခြုံရေး အားကောင်းလာအောင် ကျွန်တော်တို့ ကူညီပေးနေတာပါ၊ ဒါဟာ ငွေကြေးလက်ခံရရှိဖို့ သက်သက်ထက် အများကြီး ပိုပါတယ် ” ဟု ဇလန်းစကီးက ဆိုသည်။
