ဝမ်းတွင်းတွင် ယနေ့နံနက် အိမ်ပေါ်တက် ပေါ်တာဆွဲ၊ လူငယ် ၁၅ ဦးခန့်ပါသွားဟုဆို

ပုံစာ - ဝမ်းတွင်းဈေး။(ပုံဟောင်း)

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ နေအိမ်ထဲထိ ဝင်၍ ပေါ်တာဆွဲခဲ့ရာ လူငယ် ၁၅ ဦးခန့် ပါသွားကြောင်း သိရသည်။

ယနေ့(ဧပြီ ၁၁ ရက်) နံနက် ၈ နာရီခွဲခန့်တွင် မိတ္ထီလာဘက်မှ Four Wheel ကား ၂ စီးနှင့် ဆိုင်ကယ် ၄ စီးဖြင့် လာသော စစ်သားများသည် ဝမ်းတွင်းမြို့နယ် အနောက်ပိုင်း၊ မိတ္ထီလာ-ပင်းတလဲ လမ်းတစ် လျှောက်ရှိ ကျောင်းကုန်း ၊ ရွာသစ် ၊ ပြည်တော်သာ ၊ သစ်ပုလွေကန်နှင့် ဒါးလှကျေးရွာတို့မှ နေအိမ် များပေါ်သို့တက်၍ လူငယ်များကို ဖမ်းဆီးခဲ့သလို ဈေးကားပေါ် ပါလာ‌သည့် လူငယ်များကိုလည်း ဆွဲချဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin ထံက သိရသည်။

“ခုတလောက အချိန်တိုင်းဆွဲနေတာဆိုတော့ ညလည်း ထပ်ဆွဲနိုင်လောက်သေးတယ်။ ဒီရွာတွေ တော့ မလာတော့ဘူးလေ။ တခြားရွာတွေ ပတ်ဆွဲမှာပေါ့။ သူတို့က တစ်နေကုန် ပတ်ဆွဲနေတာပါ။ နေ့ရော ညရော မနက်စောရော။ အခုက ခန့်မှန်း ၁၅ ယောက်လောက် ပါသွားတယ်။ သတင်းပေးသူ တွေ ကိုယ်တိုင်ကလည်း တောတွေထဲ ထွက်ပြေးရင်းပေးနေရတာမို့ စာရင်းအကုန်မသိရသေးဘူးဗျ “ဟု Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်သားများသည် လူငယ်များကို ဖမ်းဆီးပြီးနောက် ပင်းတလဲမှ ဝမ်းတွင်းဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

ယခုကဲ့သို့ ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် ဝမ်းတွင်းမြို့နယ် အနောက်ပိုင်းရှိ ကျေးရွာများမှ အမျိုးသားများ ရွာထဲမနေရတော့ဘဲ တိမ်းရှောင်နေရကြောင်း သိရသည်။

ဝမ်းတွင်းတစ်မြို့နယ်လုံး နီးပါးကို စစ်တပ်က ထိန်းချုပ်ထားပြီး ဆက်တိုက်ဆိုသလို ပေါ်တာဆွဲ လျက်ရှိသည်။