KIO/KIA စုပေါင်း မင်္ဂလာပွဲအပေါ် စစ်တပ်လော်ဘီများ အပုပ်ချထားသော သတင်းအမှား

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ရဲဘော်၊ ဝန်ထမ်းများ၏ စုပေါင်း မင်္ဂလာပွဲအပေါ် စစ်တပ်လော်ဘီများက သတင်းအမှားများဖြင့် အပုပ်ချတိုက်ခိုက်ထားသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဧပြီ ၁၁ရက် မွန်းလွဲ ၁နာရီခန့်တွင် စုပေါင်းမင်္ဂလာပွဲနှင့် ပတ်သက်၍ သတင်းအများကို ဖြန့်ဝေထားသည်။

သတင်းအမှားတွင် “တပ်မတော်ရဲ့ချေမှုန်းမှုကြောင့် မသာပေါ်သွားတဲ့ ဘိန်းစား KIA ပိန်းဥများရဲ့ မိန်းများဖြစ်သူ မုဆိုးမ ၇၀ ကျော်ကို ပေါ်တာဆွဲလိုပါသွားတဲ့ ရေမဆေးသမားများနှင့် ပေးစားပြီး အစုလိုက်အပြုံလိုက် သားဖောက်ခိုင်းနေ…မျိုးတုံးတော့မယ့် KIA အဖွဲများဟာ တွေ့ရာလူနှင့်သားဖောက်ပြီး အင်အားဖြည့်တင်းနေကြရ.” ဟု (မူရင်းရေးသားမှု) မင်္ဂလာဆောင်ဓာတ်ပုံများနှင့် အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/Mg3OE

စစ်တပ်လော်ဘီချန်နယ်က KIO/KIA မင်္ဂလာဆောင်နှင့် ပတ်သက်၍ဖြန့်ဝေနေသော အကြောင်းရာကို MPA Fact-Check teamက အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

ဖြန့်ဝေထားသော မင်္ဂလာဆောင်ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ The Voice of Chinland သတင်းဓာတ်ပုံများနှင့် တူညီနေသည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ KIO/KIA အရာရှိ၊ အရာခံ၊ ရဲဘော် အတွဲ ၆၀ ၏ စုပေါင်းမင်္ဂလာကတိကဝတ်ပြု ဆုတောင်းပွဲကို ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး ကာလ အခြေအနေအမျိုးမျိုးကြောင့် မင်္ဂလာကတိကဝတ်မပြုသေးတဲ့ ဝန်ထမ်းမိသားစုတွေကို KIO က ဦးဆောင်ပြီး စုပေါင်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/qDDlU

Google တွင် “ KIO/KIA စုပေါင်း မင်္ဂလာပွဲ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ သတင်းမီဒီယာများက သတင်းဖော်ပြထားကြသည်။

သတင်းများတွင် KIO က တာဝန်ယူပြီး လိုင်ဇာ ပတ်ဝန်းကျင်ရှိ KIO/KIA ဝန်ထမ်းနှင့် ရဲဘော်အတွဲ ၆၀ ကို လက်ထပ်ထိမ်းမြားပေးခြင်းဖြစ်ကြောင်း၊ ဂျာထူကောင်ရွာ ကက်သလစ်ဘုရားကျောင်းတွင် စုံတွဲ ၁၀ တွဲ၊ လိုင်ဇာမြို့ အထက်တန်းကျောင်းဆောင်၌ စုံတွဲ ၄၆ တွဲနှင့် အစိုးရတရားရုံး၌ စုံတွဲ ၄ တွဲ စုစုပေါင်း စုံတွဲ ၆၀ မင်္ဂလာကတိကဝတ်ပြုကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းလင့်ခ်များ
Myitkyina News Journal – https://bitly.cx/zXN6
People’s Spring – https://bitly.cx/m6t2r
MNO – https://bitly.cx/o0zr

သုံးသပ်ချက်

မင်္ဂလာဆောင်ဓာတ်ပုံကို အချက်အလက်ရှာဖွေစစ်ဆေးခြင်းနှင့် သတင်းမီဒီယာများ၏ သတင်းရေးသားချက်အရ KIO/KIA ဝန်ထမ်း၊ ရဲဘော် စုံတွဲ ၆၀ကို KIO က တာဝန်ယူ၍ မင်္ဂလာဆောင်ပေးခြင်းဖြစ်သည်။

စစ်တပ်လော်ဘီများက အဆိုပါ မင်္ဂလာဆောင်ဓာတ်ပုံများကို ကူးယူ၍ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။