အစ္စရေးက ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း ကုလသမဂ္ဂ၏ ကော်မရှင်က ပြောကြား

ဓာတ်ပုံ– Reuters
ပုံစာ– ဂါဇာတောင်ပိုင်းသို့ ရွှေ့ပြောင်းနေသည့် ပါလက်စတိုင်းဒေသခံများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်

ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကော်မရှင်က အစ္စရေးသည် ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး၊ ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များသည်လည်း လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်ခဲ့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ကောက်ချက်ချလိုက်သည်။

ကုလသမဂ္ဂ၏ ယနေ့အထိ အခိုင်မာဆုံးသော တွေ့ရှိချက်ဟု ဖော်ပြထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (HRC)က ဖွဲ့စည်းခဲ့သော ကော်မရှင်၏ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၇၂ မျက်နှာပါ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့၊ ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ပြီးနောက် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှု စတင်ခဲ့ချိန်မှစ၍ အစ္စရေးသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်လေးမျိုး ကို ကျူးလွန်ခဲ့သည်ဟု တွေ့ရှိခဲ့သည်။

အဆိုပါ လုပ်ရပ်များတွင် ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများကို သတ်ဖြတ်ခြင်း၊ “ပါလက်စတိုင်းလူမျိုးများကို ပြင်းထန်သော ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း”၊ “တစ်ဖွဲ့လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ကိုယ်ခန္ဓာအရ ပျက်စီးစေရန် ရည်ရွယ်၍ အဆိုပါအုပ်စုအပေါ် နေထိုင်မှုအခြေအနေများကို တမင်တကာ ဖန်တီးပေးခြင်း” နှင့် “အဆိုပါအုပ်စုအတွင်း မွေးဖွားမှုများကို တားဆီးရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း” တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်း ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၆၅,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝန်ကြီးဌာနသည် အရပ်သားနှင့် တိုက်ခိုက်ရေးသမားများကို ခွဲခြားထားခြင်း မရှိသော်လည်း သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးအစိုးရကမူ ဂါဇာစစ်ပွဲကို မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုခဲ့သည်။

“အစ္စရေးက မှားယွင်းသော အစီရင်ခံစာကို လုံးဝ လက်မခံဘဲ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယင်းအစီရင်ခံစာကို “ဟားမတ်စ်၏ မဟုတ်မမှန် ပြောဆိုမှုများကို လုံးဝ အခြေခံထားသည့် အစီရင်ခံစာ” ဟု ဖော်ပြခဲ့ပြီး၊ အစီရင်ခံစာရေးသားသူများသည် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့၏ ကိုယ်စားလှယ်များဖြစ်ကြောင်းနှင့် “ဂျူးလူမျိုးများအပေါ် ၎င်းတို့၏ ထိတ်လန့်ဖွယ်ရာ ပြောဆိုချက်များကို ကမ္ဘာတစ်ဝန်းက ရှုတ်ချခဲ့သည်” ဟု စွပ်စွဲခဲ့သည်။

အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည့် HRC ကို အစ္စရေးက အစ္စရေးဆန့်ကျင်ရေးအဖွဲ့အစည်းဟု နှစ်ပေါင်းများစွာကြာအောင် စွပ်စွဲခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သော အဆိုပါကော်မရှင်သည် လက်ရှိ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး တရားသူကြီးဟောင်းနှင့် ရဝမ်ဒါဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားသူကြီးနှင့် သမ္မတဟောင်းဖြစ်သူ နာဗီပီလေးက ဦးဆောင်သည်။