စစ်သားဟောင်းများ ဦးဆောင်ကာ အလင်းဝင်မှု မကြာခဏရှိလာဟုဆို

ဓာတ်ပုံ-KNU
ပုံစာ- ဩဂုတ်လအတွင်း KNLAတပ်မဟာ၄ထံ လက်နက်နှင့် အလင်းဝင်လာသော တပ်သားတစ်ဦး။

ယခုနောက်ပိုင်းတွင် စစ်သားဟောင်းများက ဦးဆောင်ကာ အလင်းဝင်လာကြသည်ကို မကြာခဏ တွေ့မြင်လာရကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
စက်တင်ဘာပထမပတ်အတွင်း စစ်သား၁၅ဦး အလင်းဝင်ခဲ့ရာ ယင်း၁၅ဦးထဲတွင် ၁၃ဦးမှာ စစ်မှုထမ်း မ ဟုတ်သော စစ်သားဟောင်းများဖြစ်နေသည်မှာ ထူးခြားမှုတစ်ခုဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ယနေ့(စက်တင်ဘာ ၁၆ရက်)ထုတ်ပြန်ချက်အရ သိရသည်။

“တကယ့်ကို ထူးခြားမှုပါပဲ။ဘာလို့လဲဆိုတော့ ဒီနှစ်ထဲမှာ တောက်လျှောက်ဆိုသလို စစ်မှုထမ်းတပ် သားသစ်တွေပဲ အများဆုံးအလင်းဝင်ကြတာကိုး။စစ်မှုထမ်းတွေကတော့ တပ်ထဲ မဝင်ချင်ဘဲဝင်ရ တာဖြစ်လို့ အလင်းဝင်တာက ဝင်လာမစဲတသဲသဲဖြစ် နေမှာပဲ။ အဓိကက သန္ဓေစစ်သားဟောင်းတွေ များများဝင်လာအောင် ဘယ်လိုစည်းရုံး ဝါဒဖြန့်ကြမလဲ။အဲဒါ သိပ်အရေးကြီးတယ်”ဟု နယ်စပ်ဒေသ အခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

စစ်သားဟောင်းများ အလင်းဝင်မှု များလာခြင်းမှာ တော်လှန်ရေးစက်ဝန်းထဲပိတ်မိချိန် ကြာမြင့်လာ သည်နှင့်အမျှ အနားမရမှု၊ အဖိနှိပ်ခံရမှုနှင့် မိသားစုနှင့် ကြာမြင့်စွာ ခွဲခွာ‌နေရမှုတို့‌ကြောင့် စိတ်ထောင်းကိုယ်ကြေ ပင်ပန်းနေကြပြီဖြစ်ကြောင်း ဖော်ပြလာသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။

စက်တင်ဘာပထမပတ်အတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိသူ ၁၀ဦးရှိပြီး ၆ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း ပြည်သူ့ရင်ခွင်က ဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။