အာရက္ခတပ်တော် (AA) က မူးယစ်ဆေးဝါး မှောင်ခိုကူးနေသည်ဟု ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့((Border Guard Bangladesh – BGB) စွပ်စွဲပြောကြားထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် The Daily Star သတင်းဌာနက စက်တင်ဘာ ၁၅ရက်မှာ ဖော်ပြထားသည်။
BGB ၏ Ramu Sector ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က ဟိုတယ်တစ်ခုတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ သတင်းထောက်များကို ပြောကြားရာတွင် “ရိုဟင်ဂျာတွေဟာ ယာဘ မှောင်ခိုကူးသူ အဓိကဖြစ်ပါတယ်။ သူတို့ဟာ မူးယစ်ဆေးတွေကို မြန်မြန်ရွှေ့ပြောင်းတဲ့အတွက် ဖမ်းမိဖို့ ခက်ခဲပါတယ်။ ကျတော်တို့ နိုင်ငံထဲက အချို့သော အကျိုးစီးပွားသမားတွေက မြန်မာနိုင်ငံ ရခိုင်တပ်တော်ဆီကနေ ယာဘတွေကို ဘင်္ဂလားဒေ့ရှ်ထဲကို သယ်ယူနေကြပါတယ်” ဟု ဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် BGBက မူးယစ်ဆေးဝါးနှင့် လက်နက် ဖမ်းဆီးရမိမှုများကို ပြောကြားခဲ့ပြီး နယ်စပ်လုံခြုံရေးကို အားဖြည့်မည့် အစီအမံသစ်တွေကိုလည်း ဖော်ပြခဲ့သည်။
ဗိုလ်မှူးကြီး မိုဟီဒူဒင်က ကမ်းရိုးတန်းဒေသများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေကြောင်းကိုလည်း ပြောကြားခဲ့သည်။
“မှောင်ခိုသမားတွေဟာ ပင်လယ်ရေကြောင်းတွေကို ပိုပြီး အသုံးပြုလာပါတယ်။ ခန့်မှန်းခြေအားဖြင့် မူးယစ်ဆေးဝါး ၈၀ ရာခိုင်နှုန်းက မဟက်ရှ်ခါလီ၊ ဘန်ရှ်ခါလီ၊ ကူတူဘ်ဒီယာ၊ အန်ဝါရာနဲ့ ကူအာကာတာ ကမ်းရိုးတန်းတွေကနေ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်နေပါတယ်။ ဒီလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပျံ့နှံနေရုံသာမက တခြားနိုင်ငံတွေကိုပါ မှောင်ခိုကူးခံနေရပါတယ်။ ဒါဟာ ကျတော်တို့ လူငယ်တွေနဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများသည် ညဘက်၌ မြန်မာရေပိုင်နက်ထဲ ဝင်ရောက်နေသည့် ရေဒါပုံရိပ်များ ပြသနေသည့်အတွက် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တားဆီးနိုင်ရန် BGB ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို မြန်မာအဏာပိုင်များက မကြာခဏ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး မိုဟီဒူဒင်က “ငါးဖမ်းသမားတွေက မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ မြန်မာရေပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်တဲ့အခါမှသာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ရခိုင်တပ်တော်က ငါးဖမ်းသမားတွေကို ဖမ်းဖို့ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်လာတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။ ကျတော်တို့က ငါးဖမ်းသမားတွေကို ရေပိုင်နက်နယ်နမိတ် မကျော်ဖို့ အမြဲတမ်း သတိပေးနေပါတယ်” ဟု ပြောသည်။
ယခုနှစ် ဇူလိုင် ၁၅ရက်ကစတင်ကာ BGBသည် Cox’s Bazar နှင့် Bandarban နယ်စပ်ဒေသတို့၌ ယာဘဆေးပြား ၂၈ သိန်းနီးပါး သိမ်းဆည်းနိုင်ခဲ့ပြီး အဆင့်မြင့်လက်နက် ၂၂လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
