မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ( စက်တင်ဘာ ၁၆ရက် ) မွန်းလွဲ တစ်နာရီကျော်က မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရှိ ဒီယာရွာနှင့် ဥက္ကံရွာအနီးကို ဂျက်ဖိုက်တာ ၂စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ဒီယာရွာကကျ အမျိုးသား ၃ဦးသေတယ်။ ဥက္ကံရွာကကျ ဝပ်ရှော့ကို ကြဲတာ။ အမျိုးသား ၃ဦးသေတယ်လို့ ကနဦးသိရတယ်။ နောက်ပြီး ပြည်သူတစ်ယောက် လက်ပြတ်သွားတယ်။ ဆေးဝါးကုသမှုရ၊မရလည်း မသိသေးဘူး ” ဟု ၎င်းက MPA ကို ပြောသည်။
အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ပေါင် ၃၀၀နှင့် ပေါင် ၅၀၀ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” မတ္တရာအရှေ့ခြမ်းက စစ်ရှောင်နေရတော့ စစ်ရှောင်တွေဖြစ်မယ်လို့ ယူဆတယ်။ သေချာတော့ မသိရသေးဘူး။ အခုလောလောဆယ် ပြည်သူတွေအနေနဲ့ အဲဒီနားကတော့သေချာပေါက်ရှောင် နေပြီဗျ”ဟု Wetlet Information Network မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် ဒီယာရွာနှင့် ဥက္ကံရွာတို့သည် နှစ်မိုင်ခွဲခန့် ကွာဝေးပြီး ဥက္ကံရွာသည် မန္တလေး -မြစ်ကြီးနားကားလမ်းဘေးတွင် တည်ရှိသည်။
စက်တင်ဘာလ ၁၅ ရက်၊ ည ၁၁ နာရီ ၂၃ မိနစ်ခန့်တွင်လည်း စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆည်တော်ရွာ အနီးသို့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုမရှိပေ။
