တစ်ပတ်တာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း၁၈ဦး ရှိကြောင်း ပြည်သူ့ပန်း တိုင်က သတင်းထုတ်ပြန်သည်။
ဧပြီပထမပတ်အတွင်း အလင်းဝင်းပူးပေါင်းလာသည့် စစ်မှုထမ်းတပ်သား ၈ဦးရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၀ဦးစလုံးမှာလည်း စစ်မှုထမ်းတပ်သားများပင်ဖြစ်ကြောင်း သိရသည်။
“ပစ(စစ်မှုထမ်းတပ်သား)တွေ ဆက်တိုက်အလင်းဝင်နေတယ်။နောင်လည်း ပစ တွေပဲ အလင်းဝင် နေဦးမှာပဲ။ စစ်တပ်ကလည်း စစ်မှုထမ်းအတွက် လူဖမ်းပြီး အဓမ္မသင်တန်းပေးနေဦးမှာပဲ။သေချာ တာက စစ်တပ်ထဲ လူအင်အားတိုးလာပေမဲ့ ပစ တွေက နင်လားငါလား ဘယ်သူမှ မတိုက်ဘူးဆို တာပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက ပြောသည်။
မတ်လအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၆ဦးရှိသည့်အနက် အလင်းဝင်စစ်သား ၁၇ဦး ရှိပြီး ယင်းအထဲ၌ စစ်မှုထမ်းတပ်သား ၁၄ဦးပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။
“တပ်ချုပ်အသစ်ပြောင်းပြီး အရပ်သားအစိုးရတက်လာရင် စစ်ပွဲတွေပြီးသွားလိမ့်မယ် ပြောခဲ့တဲ့ တပ်ချုပ်ကြီးက အခုတော့ အရပ်သားအစိုးရ မျက်နှာဖုံးတပ်ပြီး သူပဲထွက်လာပြန်တော့ စစ်သားတွေက ငိုရမလို ရယ်ရမလို ဖြစ်နေကြရတယ်။အခုတော့ စစ်ပွဲတွေလည်း အရင်လို အုန်းအုန်းဒိုင်းဒိုင်းပါပဲ။စစ်သားတွေလည်း အရင်လိုငတ်နေ၊ သေနေတုန်းပါ”ဟု ပြည်သူ့ပန်းတိုင် ကထုတ်ပြန်ထားသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ်၊ ဧပြီ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၀၁၀ ဦးရှိကြောင်း သိရသည်။
ဓာတ်ပုံ- အထူးတိုင်းစစ်ဌာန
ပုံစာ- ၂၀၂၆၊ဧပြီ၁၃ရက်က ဖမ်းဆီးမိသော စစ်သားများနှင့် သိမ်းဆည်းမိသော လက်နက်ခဲယမ်းများ။
စာတည်း-ML
