တရားမဝင်အစိုးရခေါင်းဆောင်အဖြစ် မင်းအောင်လှိုင် မဟုတ်တဲ့ မျက်နှာသစ်တစ်ဦးကိုသာ တရုတ် က အလိုရှိကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးတယ်။
၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၂၈ရက် စစ်တပ်လုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲ အပိုင်း၁အပြီး တရုတ်အစိုးရ ရဲ့ နေပြည်တော်ဘုရင်ခံ တိန့်ရှီကျွင်း(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်)က ဒီ ရွေးကောက်ပွဲဟာ မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖိန်တို့ကြား ထားရှိတဲ့ သဘောတူညီမှုဖြစ်ကြောင်း ဂုဏ်ဆာပြခဲ့ပြီးနောက် အထက်ကဆိုခဲ့သလို သတင်းတွေလည်း ထပ်မံထွက်ပေါ်ခဲ့ခြင်းဖြစ်တယ်။
တရုတ်အစိုးရက အမှန်တကယ် ပြောခဲ့ခြင်းဟုတ်၊မဟုတ် အတည်မပြုနိုင်ပေမဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ တော့ မှန်းဆနိုင်တယ်။ဘာလို့ဆိုတော့ တရုတ်အစိုးရရဲ့သဘောသဘာဝကိုက နိုင်ငံကြီးတစ်နိုင်ငံဂိုက် အပြည့် ဖမ်းတတ်ပြီး သူတို့ရဲ့ပေးစာကမ်းစာအပေါ် မှီခိုနေရတဲ့ နိုင်ငံငယ်တွေကို ဆရာကြီးလုပ် ဂိုက်လိုင်းပေးတာမျိုး ကို ဂုဏ်ယူစွာနဲ့ လုပ်တတ်လို့ပါပဲ။ပြီးတော့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ တရုတ်အကာအကွယ် ကြောင့်သာ ဘဝမကူးခဲ့သူတွေ။၁၀၂၇စစ်ဆင်ရေးကို တရုတ်သာ ဝင်မစွက်ဖက်ဘဲ ထိုင်ကြည့်နေလိုက်ရင် အခုလောက်ဆို မင်းအောင်လှိုင်နဲ့ ငမိုက်သားတစ်စု ရုရှားမှာ ဗော်ဂါသောက်ပြီး ငိုချင်းရှည်ချနေရမှာ အသေအချာ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်က ဆရာကြီး ဝင်လုပ်နေတာတော့ စစ်တပ်က အာဏာသိမ်းပြီး သိပ်မကြာ ၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက်၊အာဆီယံဘုံသဘောတူညီချက်၅ရပ် ထွက်ပေါ်လာပြီးကတည်းက။အဲဒီတုန်း ကတော့ သဘောထားတစ်ခုတည်းဖြစ်နေတဲ့ အာဆီယံ၊နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ တစ်လေသံတည်း လူ ကြီးလူကောင်းယောင်ဆောင်။ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ထောက်ခံပါသည်ပေါ့။
အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ခံလာ အောင် နားချလို့မရမှန်း သေချာသွားပြီးနောက် ၂၀၂၂ခုနှစ်ကစတင်ကာ နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကင်း မဲ့စွာ လေသံပြောင်းလာခဲ့တယ်။မှတ်မှတ်ရရ၊ ၂၀၂၂ခုနှစ်၊ဇန်နဝါရီ၇ရက်နဲ့၈ရက်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဉ်အပြီး အာဆီယံမူ၅ရပ်နဲ့ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ်၅ရပ် ဆက်စပ်ဖော် ဆောင်ရေးဆိုပြီး ဟွန်ဆန်က မရဲတရဲပြောကြားခဲ့ပြီးနောက် တရုတ်ကလည်း သံယောင်လိုက်ခဲ့ဖူး တယ်။
အဲဒီနောက်မှာတော့ မြန်မာ့အရေး တရုတ်ဆေးမြီးတိုအဖြစ် စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLDပါတီ လည်း ရွေးကောက်ပွဲ ဝင်ခွင့်ပြုဆိုတဲ့လိုင်းကို ထိုးတင်ခဲ့ပြန်တယ်။အာဏာသိမ်းစစ်တပ်ကိုလည်း ရွေးကောက်ပွဲပေးလုပ်လိုက်၊ NLDပါတီကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်။အဲဒါကို တရုတ်က win-win လို ကောက်ယူတဲ့ပုံ။ကျန်တဲ့ NUGအစိုးရအပါအဝင် PDFတပ်တွေနဲ့ အဲဒီလမ်းကြောင်းကို သဘောမတူတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ချန်ထားလိုက်ဆိုတဲ့ တရုတ်ဆေးမြီးတို။
တရုတ်ရဲ့ အဲဒီဆေးမြီးတိုကို မင်းအောင်လှိုင်ကပဲ ပြတ်သားစွာ ပယ်ချခဲ့ကာ ၂၀၂၃ခုနှစ်၊မတ်လ၂၈ ရက်မှာ NLDပါတီအပါအဝင် နိုင်ငံရေးပါတီ၄၀ကို ဖျက်သိမ်းပစ်ခဲ့တယ်။မင်းအောင်လှိုင်ရဲ့ ခိုင်မာတဲ့ သံန္နိဌာန် က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ အပြီးအပြတ်ရှင်းပစ်ရေး။ မင်းအောင်လှိုင်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လည်း ကြောက်။စစ်အုပ်စုလက်တံ ကြံ့ဖွံ့ဆို တာ ဘယ်အချိန်ပြိုင်ပြိုင် NLDပါတီကို ခွက်ခွက်လန် ရှုံးဦးမယ်ဆိုတာ ၂၀၁၅နှင့်၂၀၂၀ရွေးကောက်ပွဲရလဒ်က ပြောပြခဲ့ပြီးသားမို့ တရုတ်မကလို့ ဘယ်သူကြီးပြောပြော ဆောရီး။
NLDပါတီကို ဖျက်သိမ်းကြောင်း ကြေညာ ပြီးနောက် အာဃာတကြီးလွန်းလှတဲ့ မင်းအောင်လှိုင်က တစ်နိုင်ငံလုံးမှာရှိတဲ့ သက်မဲ့ NLDပါတီရုံးတွေကိုပါ ချမ်းသာမပေး အကြမ်းဖက်ဖျက်ဆီးခိုင်းလိုက်သေးတယ်။
အဲဒီအချိန်မှာ တရုတ်က မြန်မာ့အရေး ခြံစည်းရိုးပေါ်ခွထိုင်နေပေမဲ့ မင်းအောင်လှိုင်ကိုလည်း တည့် တည့် အမြင်မကြည်။၂၀၂၂ဇူလိုင်လဆန်းပိုင်းက ပုဂံမှာ ပြုလုပ်တဲ့ လန်ချား-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံခြားဝန်ကြီးဝမ်ယိ တက်ရောက်ခဲ့ပေမဲ့ မင်းအောင်လှိုင် ဆီ အဖက်လုပ် မတွေ့ခဲ့ဘူး။ ၂၀၂၃ခုနှစ်၊အောက်တိုဘာ၊ ဘေဂျင်းမှာ ကျင်းပတဲ့ ပိုးလမ်းမညီလာခံ တက် ရောက်ဖို့ မင်းအောင်လှိုင် ဖင်တကြွကြွ ဖြစ်နေပေမဲ့ တရုတ်က နိုင်ငံရေးလူရာသွင်းပြီး မဖိတ်တာကြောင့် နေပြည်တော်မှာ တောက်ခတ်သံတွေ ပြင်းခဲ့ဖူးတယ်။
ပြီးတော့ တရုတ်က အရေးတကြီးတောင်းဆိုနေတဲ့ လောက်ကိုင်ကျားဖြန့်ပြဿနာအပေါ် မင်းအောင် လှိုင် ရူးချင်ယောင်ဆောင်နေပြန်တော့ ၁၀၂၇စစ်ဆင်ရေးကိုလည်း တရုတ်က ရူးချင်ယောင်ဆောင်။စစ်ကောင် စီ ဟန်လုပ်နေပေမဲ့ အရူးမီးဝိုင်း။ဒုတိယအကျော့ ၁၀၂၇စစ်ဆင်ရေးမှာ ဒီအတိုင်းဆက်ကြည့်နေရင် မန္တလေးမြို့ ကြီးကိုတောင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖို့ သိပ်မဝေးတော့တာမို့ တရုတ်ကြီး ခြံစည်းရိုးပေါ်ကနေ ကပျာကယာ ဆင်း လာတော့တယ်။
စစ်တပ်ဗဟိုပြုနိုင်ငံရေးကနေ ကျော်မကြည့်နိုင်တဲ့ တရုတ် ၂၀၁၄ဩဂုတ်မှာ စစ်ကောင်စီဘက် ပြောင်ပြောင်တင်းတင်းရပ်ကာ စစ်အုပ်စု မပြိုလဲရေးအတွက် မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်တော့ တယ်။
အခုတော့ တရုတ်နဲ့ မင်းအောင်လှိုင်အလိုကျ တရားမဝင်ရွေးကောက်ပွဲကနေ တရုတ်အလိုမကျတဲ့ မင်းအောင်လှိုင်က အကြမ်းဖက်သမ္မတ ဖြစ်လာတယ်။တရုတ်က မင်းအောင်လှိုင်ကို တရားမဝင်အစိုးရသစ် ရဲ့ သမ္မတ ဘာ့ကြောင့် မဖြစ်စေချင်ရတာပါလဲ။ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာမှုမျိုး မင်းအောင်လှိုင်ရဲ့ အဘိ ဓာန်မှာ မရှိတာကြောင့်လို့ နားလည်ရပါတယ်။မင်းအောင်လှိုင်နေရာမှာ တစ်ယောက်ယောက်က သမ္မတဖြစ် လာရင် တင်းမာမှုတွေ လျော့ပါးပြီး နိုင်ငံတကာအမြင်လည်း နည်းနည်းဖြစ် ကြည်လာနိုင်သလို အဲဒီတစ် ယောက်ယောက်ကို ညှိနှိုင်းအဖြေရှာဖို့ နားချလို့ ရနိုင်ကောင်းရဲ့လို့ တရုတ်က စိတ်ကူးယဉ်ကြည့်ပုံပါ။
ဒါပေမဲ့၊ချောင်ပိတ်မိနေတဲ့ မင်းအောင်လှိုင်က ကြောက်စိတ်ကြီးစွာနဲ့ အာဏာကို မလွတ်တမ်း တင်း တင်းဆုပ်ထားတာကြောင့် နောက်ဆုံးတော့လည်း တရုတ်သမ္မတက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့ရ၊ တရုတ်သံအမတ်ကလည်း နေပြည်တော်သို့ပြေးကာ အတုအယောင်ရွေးကောက်ခံ မင်းအောင်လှိုင်ကို ဂုဏ်ပြု နဲ့။တရုတ်သည်လည်း မင်းအောင်လှိုင် ထင်ရာစိုင်းသမျှ ကောက်ကောက်ပါ လိုက်ရတော့တယ်။
ခေါင်းပေါင်းကြီးအာဏာမှမရှိရင် ဘဝပျက်သွားမယ်ဆိုတာ မင်းအောင်လှိုင် ကောင်းကောင်းသိ တယ်။ဒီအာဏာမရှိရင် တန်းစီရောက်လာနိုင်တဲ့ နိုင်ငံတကာဖမ်းဝရမ်းတွေကို ရှောင်ပြေးဖို့ မလွယ်ဘူး ဆိုတာလည်း သေချာသိတယ်။
မြန်မာမှာ တရုတ် လိုချင်တာမှန်သမျှ အကုန်ရစေ့မယ်။သူ့အာဏာကိုသာ ဆက်လက်ထောက်ခံ၊ သူ့အာဏာကိုသာ အကာအကွယ်ပေး။အာဏာကလွဲလို့ အကုန်ပေးမယ်။မင်းအောင်လှိုင်က အဲဒီလိုရှင်းတယ်။ အာဏာကို လာမထိရင် အရာရာဟာ အိုကေတယ်။
စာတည်း-ကိုဆန်း
