By MPA
ချင်းပြည်နယ်၊ဖလမ်းမြို့နယ်အတွင်းရှိ စစ်တပ်၏ အရေးပါသော စခန်းကုန်းတစ်ခုကို ချင်းပူးပေါင်း တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနက်၂၄လက်၊ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့(ဧပြီ၁၅ရက်) သတင်းထုတ်ပြန်သည်။
ဖလမ်းမြို့နယ်၊ခွန်လီရွာအနီးရှိ ယင်းစခန်းကုန်းကို ဧပြီ၁၄ရက်တွင် CB ၊ CNDF ၊ CS & CO ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့ပြီး စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရစာရင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။
ယင်းစခန်းသိမ်းတိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် စတားလင့်နှင့် မြေမြှုပ်မိုင်းတို့ လည်း ပါဝင်သည်။
၂၀၂၅ခု၊ အောက်တိုဘာ ၁၉ ရက်မှစ၍ ဖလမ်းမြို့ကို ပြန်လည်ရရှိရန် စစ်တပ်က အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချင်းရေးရာအဖွဲ့ချုပ် ICA က ၂၀၂၆ခုနှစ်၊ဖေဖေါ်ဝါရီအထိ ပြုစုထားသော စာရင်းများအရ ၄ လကျော်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၂၀၀ကျော် သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ကို ၂၀၂၅ခု၊ ဧပြီလအတွင်း ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲ ဖြစ်သည်။
