သင်္ကြန်မှာ အိမ်မပြန်ရတာလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိဘူးလို့ မဲဆောက်မြို့စွန်မှာ နွားစာအတွက် မြက်ရိတ်နေတဲ့ အငယ်ကောင်(အိမ်နာမည်)က ပြောတယ်။
မြက်ရိတ်နေရင်းနဲ့ တံစဉ်ကို ပစ်ချကာ ခြေပစ်လက်ပစ်ထိုင်ချ။ပြီးတော့ ဟိုး…အဝေးဆီကိုလည်း ငေးငေးရီရီ။သူငေးရီနေတဲ့ဘက်က နာမည်ကျော် ရွှေကုက္ကိုလ်နဲ့မဝေးတဲ့ တောင်တွေဆီ။ဒါပေမဲ့၊ မဲဆောက်မြို့ စွန်က သူ့မွေးမြူရေးလုပ်ငန်းခွင်တစ်ဝိုက်မှာသာ ကျင်လည်နေရသူ ဖြစ်တာကြောင့် ရွှေကုက္ကိုလ်ဆိုတာ ဘယ် မှာ၊ မြဝတီမြို့က ဘယ်ဘက် ဆိုတာမျိုးတော့ သူ ဘယ်သိနိုင်ရှာမလဲ။
အငယ်ကောင်က မိဘမရှိ၊ အတန်းပညာမရှိ၊နောက်ခံအသိုင်းအဝိုင်းမရှိ၊ ကြီးတော် အပျိုကြီးတွေနဲ့ သူတို့ဇာတိရပ်ရွာ ဘီလူးကျွန်း(မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်)မှာ အကြွေးကင်းကင်းဘဝနဲ့ ကိုယ့်ဘဝကိုယ် ကျေကျေနပ်နပ် ဖြတ်သန်းလာခဲ့ပြီးကာမှ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ခုနှစ်ကတည်းက မဲဆောက်သို့ ရောက်ရှိ ခဲ့တဲ့သူ။
“ဒီမှာ ကျနော်မပျော်ဘူး။ကိုယ့်ဇာတိပဲ ပြန်ချင်တယ်။ သင်္ကြန်ဆို ပိုပြန်ချင်တယ်”လို့ အငယ်ကောင် က ထပ်ပြောတယ်။
သူတို့ မျက်နှာမွဲဘဝ ရာအိမ်မှူးကိုတောင် မော်မကြည့်ရဲခဲ့တာမို့ တစ်ခုခုဆိုရင် ဒီမျက်နှာမွဲတွေရဲ့ ဘဝ ကိုသာ အရင်လက်ညှိုးထိုးမှာမို့ သူ့ကြီးတော် အပျိုကြီးတွေက အဓမ္မစစ်မှုထမ်းဥပဒေအသက်ဝင်တော့မယ့် ၂၀၂၄ သင်္ကြန်မတိုင်ခင်ကပဲ စိတ်ချရတဲ့ ပွဲစားတွေလက်အပ်ကာ မဲဆောက်က သူတို့ရပ်ဆွေရပ်မျိုးတို့ရှိရာ လုပ်ငန်းခွင်ထဲသို့ လွှတ်လိုက်တာ။ ၂၀၂၄ကစလို့ ဒီနေ့ထိတိုင် အိမ်မပြန်နိုင်။
“ကျနော်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ကျနော်တို့အလုပ်ထဲကလူတွေလည်း ဘယ်သူမှ မပြန်နိုင်ပါဘူး”လို့ အငယ်ကောင်က ဖြေတွေးလေးနဲ့ ပြောတယ်။
သူတို့လုပ်ငန်းခွင်ထဲမှာ ဘီလူးကျွန်းသားတွေက ၁၀ယောက်မက။ တချို့က အသက်ကြီးပြီမို့ စစ်မှု ထမ်းအန္တရာယ်မစိုးရိမ်ရပေမဲ့ ထိုင်းကနေ ပြန်လာတဲ့သူတွေကို လမ်းခရီးဂိတ်တွေမှာ ခြိမ်းခြောက်ငွေ ညှစ် ချက်က ကြောက်စရာ။ပြီးတော့ တိုက်ပွဲအခြေအနေက ဘာမဆိုဖြစ်သွားနိုင်တာမို့ ဇာတိပြန်ပြီးမှ ပြန်လာလို့ မရရင် တကယ့်ပြဿနာ။ အဲဒါကြောင့်လည်း သူတို့သိပ်ပြန်ချင်နေတဲ့ သူတို့ရဲ့ ဘုရားပွဲသင်္ကြန်ကို ရင်နာနာနဲ့ မျက်နှာလွှဲလိုက်ရ။
“လမ်းမှာ ခွေး(စစ်သား)တွေက ထိုင်းပြန်ဆိုရင် ငွေအတောင်းကြမ်းတယ်။ပြီးတော့ ရွာပြန်ရောက် လို့ရော ဘယ်ဘုရားပွဲသွားမလဲ။အခုဆီဈေးက တစ်လီတာကို ၂သောင်းလောက် ပေါက်နေတယ်”လို့ နှစ် အတန်ကြာ ဘန်ကောက်မြို့နားမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက်၅၀ကျော်အရွယ်ရှိ ဘီလူးကျွန်းသားတစ်ဦး ကဆိုတယ်။
သူတို့အလုပ်လုပ်ကိုင်နေရာ ဘန်ကောက်ဝန်းကျင်မှာလည်း ဘီလူးကျွန်းသားမှမဟုတ်၊တခြားမြို့ရွာ တွေက မြန်မာတွေလည်း အတာသင်္ကြန် အိမ်ပြန်သူ မရှိသလောက် နီး။စစ်မှုထမ်းပြဿနာ၊လမ်းခရီးလုံခြုံရေး နဲ့ စက်သုံးဆီ ရှားပါးမှုတို့ကြောင့်ဖြစ်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ဘီလူးကျွန်းကဆိုရင် ဒီမှာငွေလဲအလုပ်လုပ်ပြီး အဆင်ပြေနေတဲ့ မိသားစုပေါ့။အမျိုးသမီး တွေ၊သူတို့ ပြန်တာပဲ သိတယ်။ကျနော်လည်း ကိုယ့်သင်္ကြန်ကိုယ် ပြန်မရောက်တာ ၅နှစ်ကျော်ပြီ”လို့ သူက သက်ပြင်းတွေနဲ့ အသံကလည်း ခပ်ညှိးညှိးရယ် ။
ဘီလူးကျွန်းသင်္ကြန် ယဉ်ကျေးမှု
ဘီလူးကျွန်းသားတွေက မြန်မာနိုင်ငံတစ်ဝန်းက တခြားသောသင်္ကြန်တွေနဲ့ မတူတဲ့ သူတို့သင်္ကြန်အ ပေါ် အစွဲအလန်းကြီးစွာနဲ့ ရင်ခုန်သံပြင်းကြတယ်။ဘယ်လိုတွေ မတူတဲ့ သင်္ကြန်လဲဆိုတော့ သင်္ကြန်မှာ ရေပက် ကြတာချင်းတူပေမဲ့ ဘီလူးကျွန်းသင်္ကြန်ကျတော့ သင်္ကြန်ရက်အလိုက် ဘုရားပွဲကျင်းပတဲ့ ရွာတွေဆီသာ သွား ကြကာ အဲဒီရွာကလည်း လာသမျှဧည့်တွေကို ဒေသထွက် ကောက်ညှင်းမုန်းမျိုးစုံနဲ့ ထမင်းဟင်း ဖွယ်ဖွယ်ရာ ရာ တည်းခင်းကြရုံတင်မက အချမ်းပြေစေမယ့် အရက်၊ဘီယာတို့နဲ့လည်း နွေးထွေးမှု ပေးကြတာကြောင့် ငွေမ ကုန်တဲ့သင်္ကြန်အဖြစ် ဂုဏ်ယူကြကြောင်း ဘီလူးကျွန်း၊ ချောင်းဆုံမြို့ အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ဆို တယ်။
ဘီလူးကျွန်းဆိုတာက မော်လမြိုင်မြို့နဲ့ သံလွင်မြစ်သာခြားပြီး ရေပတ်လည်ဝိုင်းလျက်ရှိတဲ့ ကျွန်းကြီး။ အဲဒီကျွန်းကြီးကို မြို့အဖြစ်ဖွဲ့စည်းတော့ ချောင်း၃ခွဆုံရာ ချောင်းဆုံရွာကို ချောင်းဆုံမြို့အဖြစ် ဗဟိုချက်ပြုကာ ကျန်တာတွေက ချောင်းဆုံမြို့နယ်ထဲက ရွာများ။အခုဆို မြို့ပေါ်ရပ်ကွက်၃ခုနဲ့ ကျေးရွာပေါင်း၇၈ရွာ။
“သင်္ကြန်ဘုရားပွဲတွေ ဘယ်တုန်းကလုပ်ခဲ့သလဲဆိုတော့ အဘတို့အမေတွေ ငယ်ငယ်ကတည်းက ဘုရားပွဲရှိနေပြီဆိုတော့ နှစ်၂၀၀လောက်ရှိပြီလို့ ထင်တယ်။အဲဒါထက် ရှေးကျဖို့ပဲရှိမယ်”လို့ လက်ရှိ ရန်ကုန် ရောက်နေတဲ့ အသက်၈၀ ကျော် အရွယ် ဘီလူးကျွန်းသားကြီးတစ်ဦးက ဆိုတယ်။
ဘီလူးကျွန်းဆိုတာ အရှေ့ဘက်မှာ သံလွင်မြစ်နဲ့ အနောက်ဘက်မှာ ကပ္ပလီပင်လယ် ဝန်းရံထားတဲ့ အထီးကျန်ကျွန်းကြီး။မော်လမြိုင်မြို့နဲ့သာ ရေလမ်းခရီး ဇက်သင်္ဘောစီးပြီးကူးသန်းလို့ရတဲ့နေရာ။အထီးကျန် ကျွန်းပေါ်က အထီးကျန်ကျွန်းသားတွေဟာ သူတို့ကျွန်းသားချင်း အပြန်အလှန်မိတ်ဖွဲ့နှီးနှောခြင်းကို ဘုရားပွဲ ယဉ်ကျေးမှုနဲ့ ပေါင်းကူးခဲ့တယ်လို့လည်း ဆိုတယ်။
“သူ့ရွာ ဘုရားပွဲ ကိုယ်သွား၊ ကိုယ့်ရွာဘုရားပွဲလာဖို့ သူ့ကိုဖိတ်။ ကိုယ်နဲ့သိတဲ့ ဘုရားပွဲရွာက အိမ်ကို ကိုယ့်မိတ်ဆွေတွေခေါ်သွားပြီး စားသောက်ရင်း မိတ်ဆွေတွေတိုးလာတယ်။ပြီးတော့ အိမ်ရှင်ကလည်း သူတို့ ရွာက သူတို့ဆွေမျိုး၊ဒါမှမဟုတ် သူတို့သူငယ်ချင်းတွေ အိမ် ထပ်ခေါ်သွားပြီး ကျွေးမွေးရာကနေ မိတ်သစ်တွေ တိုးတယ်။အဲဒီလိုနည်းနဲ့ ကျနော်တို့ကျွန်းသားတွေရဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြတာ”လို့ ဘီလူးကျွန်း သားကြီးက ဆက်ပြောတယ်။
ပြီးတော့ ဘီလူးကျွန်းဘုရားပွဲယဉ်ကျေးမှု သံမဏိစည်းကမ်းကြီးတစ်ခုက ဘုရားပွဲကျင်းပတဲ့ရွာက အိမ်တစ်အိမ်ပေါ်တက်ပြီဆို ဗိုက်ဘယ်လောက်ကားကား ထမင်းတော့ နည်းနည်းဖြင့်စား။ အိမ်ရှင်တွေက ကိုယ့်အိမ်ပေါ်လာပြီး ထမင်းမှ မစားရင် မကြိုက်ကြတာတာကြောင့် အိမ်ရှင်တွေရဲ့ သဒ္ဓါတရားအပေါ် လေး စားတဲ့အနေနဲ့ မစားနိုင်တော့လည်း ထမင်းတစ်လုတ်ဖြစ်ဖြစ် ဝင်စားကြရတယ်လို့ ဆိုတယ်။အဲဒါကြောင့် လည်း ဘီလူးကျွန်းသားတွေက ဘုရားပွဲသွားရင် တစ်အိမ်တည်းနဲ့ အဝမစားဘဲ တစ်အိမ်နည်းနည်း စားကြ ကြောင်း ဘီလူးကျွန်းသားကြီးက ဆိုတယ်။
စန်းပွင့်လာတဲ့ အရိုင်းပန်းတစ်ပွင့်နဲ့ ဘုရားပွဲသင်္ကြန်
၂၀၁၇ခုနှစ်၊မေလမှာ ချောင်းဆုံနဲ့ မော်လမြိုင်မြို့ကို ချိတ်ဆက်ပေးတဲ့ သံလွင်မြစ်ဖြတ် ဘီလူးကျွန်း တံတားကြီးကို ဖွင့်လှစ်လိုက်တယ်။ကမ္ဘာနဲ့ချီကြာ အထီးကျန်ဘီလူးကျွန်းဟာ တံတားပေါ် တစ်ချက်ဖြတ် လိုက်တာနဲ့ မော်လမြိုင်မြို့ပေါ် တန်းရောက်သွားတာမို့ ကမ္ဘာကြီးနဲ့ အလွယ်တကူ အဆက်အသွယ်ပြန်ရသွား သလိုမျိုး။တံတားကနေ ချောင်းဆုံမြို့ပေါ်ကို ကားနဲ့ဆို အလွန်ဆုံးကြားလှ နာရီဝက်။ကျောက်သင်ပုန်းထွက် တဲ့ မုဒွန်းရွာနဲ့ တစ်ချိန်တုန်းက ကမ္ဘာထိပေါက်တဲ့ ဆေးတံထုတ်လုပ်ရာ ရွာလွတ်ရွာဆိုတာ တံတားကနေဆို ၁၅မိနစ်လောက်နဲ့ ရောက်တာမို့ မော်လမြိုင်နဲ့ အနီးမြို့တွေကရော မော်လမြိုင်သို့ အလည်ရောက်လာတဲ့ ဧည့်တွေပါ အရိုင်းဆန်တဲ့ ဘီလူးကျွန်းဆီသို့ လည်ပတ်ကြနဲ့ ဘီလူးကျွန်းဆိုတာ နေ့ချင်းဆိုသလို စန်းပွင့်လာ လိုက်တာ အလွန်။
၂၀၁၈ခုနှစ် သင်္ကြန်လည်း ရောက်ရော အကျွေးအမွေးနဲ့ဧည့်ခံတဲ့ ဘီလူးကျွန်း ဘုရားပွဲသင်္ကြန်ဆီ အနီးမြို့တွေက ကားတဝီဝီနဲ့ လာလိုက်ကြတာ သင်္ကြန်ကာလ ဘုရားပွဲတိုင်းက ကားတွေပိတ် လမ်းတွေပိတ်နဲ့ ဝက်ဝက်ကွဲ။အဲဒီအချိန်ကစလို့ ဒေသတွင်းမှာ ဘီလူးကျွန်းဘုရားပွဲသင်္ကြန်ဟာ သွားကိုသွားရမယ့်ခရီးစဉ်အ ဖြစ် ထင်ရှားလာခဲ့တော့တယ်။
ကိုဗစ်၊စစ်မှုထမ်းနဲ့ ဆီဘေးသင့်ပြဿနာ
ဒါပေမဲ့၊ကိုဗစ်ကြောင့် ဘုရားပွဲတွေလည်း ပျက်တယ်။ပြီးတော့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲကြောင့် အသက်ငင်။၂၀၂၄ရောက်တော့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ဘီလူးကျွန်းလူငယ်တွေလည်း ရရာလမ်းကနေ နိုင်ငံခြားတိုင်းပြည်တစ်ခုခုဆီ အလုံအရင်းနဲ့ ရွှေ့ရ။
“ကျမတို့ဘီလူးကျွန်းသားတွေက ၁၉၉၀ကျော်လောက်ကတည်းက ရှမ်းကမ်း(ထိုင်း)မှာ သွားအ လုပ်လုပ်နေကြတာပါ။ရှမ်းကမ်းမှာ လုပ်ပြီးတော့ပဲ စီးပွားဖြစ်လာကြတာ။ NLDအစိုးရလက်ထက်မှာ ရှမ်းကမ်း သွားတာတော့ အထိုက်အလျောက်လျော့သွားတယ်။အာဏာသိမ်းပြီးတော့ ဒီမှာ ဘာမှလုပ်ကိုင်စားသောက်ဖို့ မရှိတော့ ပြန်များလာတယ်။ စစ်မှုထမ်းခေါ်ပြီး ၂၀၂၄ကစပြီး သွားကြတာတော့ လူငယ်တွေ အများဆုံးပဲ”လို့ ချောင်းဆုံမြို့အနီး မုရစ်ကြီးရွာသူတစ်ဦးက ပြောပြတယ်။
ပြဿနာက သွားပြီးရင် ပြန်လာလို့မရတာ။လူငယ်တွေ ပြန်လာရင် လမ်းခရီးမှာ ပေါ်တာကြောက်ရ တာကြောင့် မိဘတွေကိုယ်တိုင်က ပြန်မလာဖို့ နှစ်သိမ့်ကြရ။၂၀၂၅တုန်းကလည်း မြဝတီအပြင်ဘက်ကနေ တောက်လျှောက် တိုက်ပွဲတွေကြောင့် ထိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးနဲ့ သက်ကြီးအမျိုးသားတွေလည်း ပြန်ချင်ပေမဲ့ ပြန်လာလို့မရ။
“ဒီနှစ်ဆိုရင်လည်း ဘီလူးကျွန်းသား တော်တော်များများ ထိုင်းကနေ ပြန်မလာကြဘူး။ကိုယ့်သားသမီး အိမ်ပြန်လာမှာကို မိဘတွေကိုယ်တိုင်က ရင်နာနာနဲ့ တားနေရတယ်”လို့ မုရစ်ကြီးရွာသူက ဆိုတယ်။
ပြီးတော့ ဒီနှစ်မှာ စစ်မှုထမ်းကြောင့်တင်မက စက်သုံးဆီရှားပါးမှု ပြဿနာကလည်း သိပ်ကြီးကျယ် လွန်းနေတာကြောင့် မြန်မာနိုင်ငံတွင်း တခြားဒေသတွေမှာ ပြောင်းရွှေ့အခြေစိုက်နေကြတဲ့ ဘီလူးကျွန်းသား တွေလည်း ပြန်မလာနိုင်။
“ကျနော်တို့ ဘီလူးကျွန်းသားတွေက ဘယ်နေရာရောက်ရောက် သင်္ကြန်ဆို ရွာပြန်ကြတယ်။အခု တော့မပြန်နိုင်ဘူးဗျာ။ကားခဈေးကြီးတာရော၊ စီးပွားရေကလည်း မငတ်အောင် ရုန်းနေရတာရော။ပြီးတော့ အသက်ကြီးပေမဲ့ ပေါ်တာက သက်ကြီးပိုင်းလည်း ငွေညှစ်ချင်လို့ ဖမ်းချင်ဖမ်းမှာလေ”လို့ ရန်ကုန်မြို့၊မြောက် ဥက္ကလာပနေ အသက်၄၅ကျော်အရွယ် ဘီလူးကျွန်းဇာတိသားတစ်ဦးက ဆိုတယ်။
လူငယ်ရှားတဲ့ ဘုရားပွဲသင်္ကြန်
ဘီလူးကျွန်း ဘုရားပွဲသင်္ကြန်က ဧပြီ၁၀ရက်၊ကုလားတို့ရွာဘုရားပွဲကနေ စတင်လိုက်တာ ဧပြီ၂၆ ရက်၊ ကလွီရွာဘုရားပွဲအထိ တစ်ရွာပြီး တစ်ရွာ တောက်လျှောက်ဆိုသလို။ဒါပေမဲ့၊လူငယ်တွေကနည်း၊ စက်သုံးဆီ ကရှားတာကြောင့် သင်္ကြန်အကြိုနေ့ မုရစ်ကြီးဘုရားပွဲနဲ့ သင်္ကြန်အကြတ်နေ့ ချောင်းဆုံမြို့ပေါ် မြင့်မိုရ်တောင် ဘုရားပွဲသို့ လာကြသူတွေ သိသိသာသာ နည်းသွားတယ်လို့ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်သားက ဆိုတယ်။
“အရင်က ၁၀၀ဆို အခု ၂၅ရာခိုင်နှုန်းပေါ့။ဆီဈေးက အခုတစ်လီတာ ၂သောင်းကျော် ပေါက်နေတော့ အနီးနားရွာတွေပဲ လာကြတယ်။ မော်လမြိုင်ဘက်ကဆင်းလာတဲ့ လုံးဝမရှိဘူးပဲ ပြောရမယ်။ဒီနေ့ မြင့်မိုရ် တောင်ဘုရားပွဲကတော့ မုရစ်ကြီးထက် ပိုစည်တယ်”လို့ သူက ပြောပြတယ်။
ချောင်းဆုံလူမှုကွန်ရက်ဂရုဖ်တွေပေါ် တက်လာတဲ့ ဘုရားပွဲသင်္ကြန် ရုပ်သံနဲ့ ဓာတ်ပုံတွေကို ကြည့် လိုက်တော့ တံတားဖွင့်အပြီး ကြိတ်ကြိတ်တိုးခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ လျော့ကျလို့။ပြီးတော့ အရင်တုန်းကလို သီဆိုဖျော်ဖြေတဲ့ မဏ္ဍပ်တွေမရှိ။
“လူငယ်တွေ မရှိတာတော့ မဟုတ်ဘူး၊ရှိတယ်။ ကျောင်းတက်နေတဲ့ ၂၀အောက်လူငယ်တွေတော့ ရှိ တယ်။နည်းတာတော့ နည်းတယ်။၂၀ကျော် တွေကတော့ အကုန် နိုင်ငံခြားရောက်ကုန်ပြီ”လို့ ချောင်းဆုံအရှေ့ ပိုင်းရပ်ကွက်သားက ဆိုတယ်။
ပေါ်တာကြောက်ရတယ်။ ဆီဈေးကလည်း ခေါင်ခိုက်နေတယ်။ အဲဒီ၂ခုက အားပြင်းပြင်းနဲ့ ဝင် ဆောင့်လေတော့ ဒေသတွင်း ကျော်ကြားတဲ့ ဘုရားပွဲသင်္ကြန်ကလည်း ပြည်တွင်း၊ပြည်ပ အဝေးရောက်ဘီလူး ကျွန်းသားတွေ အိမ်မပြန်နိုင်ကြတာတွေနဲ့ ကိုယ့်ကျွန်းသားတွေတောင် ဆီမရှိလို့ ဘုရားပွဲမလှည့်နိုင်ရတာတွေ နဲ့။
“NLDအစိုးရလက်ထက်တုန်းက ဧည့်သည်တွေ များလွန်းလို့ ကျွေးစရာ ကုန်သွားမှာ စိတ်ပူခဲ့ရတယ်။ အခုတော့ ဧည့်သည်တွေအလာနည်းလို့ ဧည့်သည် မျှော်နေရတယ်”လို့ မုရစ်ကြီးရွာသူက ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပွဲသင်္ကြန်ကတော့ သူ့အစဉ်အလာမပျက် အကျွေးအမွေး မပျက်။ ရှေးသ ရောအခါက လှည်းတွေနဲ့ ဘုရားပွဲလာကြပြီး ဒီဘက်ခေတ်တွေမှာ ဆိုင်ကယ်တွေ၊ကားတွေ၊ထော်လာဂျီတွေ နဲ့ ချီကြတာကလွဲ ယဉ်ကျေးမှုပုံစံမပျက်။
မဲဆောက်မှာ နွားစာအတွက် မြက်ရိတ်နေတဲ့ အငယ်ကောင်ကတော့ ကျနော်တို့ နောက်နှစ်သင်္ကြန် လောက်ဆို အိမ်ပြန်လို့ ရနိုင်မလားလို့ မေးရှာတယ်။
သင်္ကြန်ဆိုတာ မြန်မာတို့အတွက် မိသားစုဆုံစည်းရာကာလဖြစ်ပေမဲ့ စစ်အာဏာရူးတို့ကြောင့် မိသားစုတွေလည်း တကွဲတပြား၊ သင်္ကြန်ရောက်တိုင်း ကိုယ်စီအလွမ်းဓာတ်တွေနဲ့ ကိုယ့်အိမ်ကိုယ် ပြန်လွမ်း ကြရတယ်။
သင်္ကြန်မှာ ပြန်ဆုံကြမယ်လို့လည်း လက်သီးကို တင်းတင်းဆုပ်ထားကြတယ်။
