နွေဦးတော်လှန်ရေးက သမိုင်းဝင်ညီညွတ်မှုကို ပေးအပ်ခဲ့ဟု NUGယာယီသမ္မတဆို

စစ်တပ်၏ သွေးခွဲမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကြား အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရသော်လည်း နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းမိကာ သမိုင်းဝင်ညီညွတ်မှုတစ်ခုကို ပေးအပ်ခဲ့ကြောင်း NUGအစိုးရ၊ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၅နှစ်ပြည့်နေ့ဖြစ်သော ယနေ့ ( ၂၀၂၆ခုနှစ်၊ဧပြီ၁၆ရက်)တွင် ယာယီ သမ္မတဒူဝါလရှီးလက ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ဆိုခဲ့သလို ယင်း သို့သော ညီညွတ်မှုသည် မြန်မာ့သမိုင်းတွင် မကြုံစဖူးသော အောင်မြင်မှုဖြစ်ကာ အကြီးမားဆုံးသော ခွန်အားဖြစ်ကြောင်းလည်း ဆိုသည်။

“လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား၊ နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက် တော်လှန်ရေးနည်းလမ်းတွေ အပါအဝင် လူထုလက်နက်ကိုင် လမ်းစဉ်နဲ့ ပေါင်းစပ်ပြီး စစ်အာဏာရှင် တော်လှန်ရေးကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးနည်းအရ အကူအညီအပံ့အပိုး တွေအပြင်၊ စစ်ရေးနည်းအရ အကူအညီတွေ အများအပြား လိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီး တွေရဲ့ အားပေးကူညီမှုတွေကို လက်တွေ့ကျကျ ရယူခဲ့ရပါတယ်။ လက်ရှိ အချိန်အထိ ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားအားလုံးရဲ့ စစ်ရေးစွမ်းရည်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် အချိန်တိုအတွင်းမှာ တိုးတက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ၊ တိုင်းရင်းသားမဟာမိတ် တွေရဲ့ ပူးပေါင်းပေါင်းဝင်မှုတွေဟာ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတွေဖြစ်ကြောင်း လေးလေးနက်နက် မှတ်တမ်းတင် ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနှင့် တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးသော အောင် မြင်မှု ခြေလှမ်းများကို တက်လှမ်းနိုင်ခဲ့သလို၊ မိမိတို့၏ အားနည်းချက်ကြောင့် လက်လွှတ်ခဲ့ရသည့် မအောင်မြင်မှုများလည်း ရှိခဲ့ကြောင်း အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးသည့် လက်နက်ကိုင်တော်လှန်ရေးတွင် သင်ခန်းစာ အများအပြားကို သင်ယူခွင့်ရခဲ့ကြောင်းလည်း ဆိုသည်။

“ကျနော်တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ တော်လှန်ရေး ခရီးမှာ ပြန်လည်လက်လွှတ်လိုက်ရတဲ့ ဆုံးရှုံးမှု တွေ ရှိသလို လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်။ ကျနော်တို့အနေနဲ့ အမှားတွေကို သင်ခန်းစာယူပြီး၊ တစ်နေ့ထက် တစ်နေ့ ပိုမိုထိရောက်တဲ့ တော်လှန်ရေးလျှောက်လမ်းဖြစ်အောင် ကြိုးစားနေမှာဖြစ်ကြောင်း ပြည်သူလူထု အားလုံးကို အသိပေးပြောကြားလိုပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

တော်လှန်ရေးအောင်မြင်ရန်အတွက် အဓိက သော့ချက်မှာ တော်လှန်ရေးအင်အားစုများကြား ညီညွတ်မှု ဖြစ်ပြီး ညီညွတ်မှုသည် တော်လှန်ရေးအင်အားစုကြားမှာရော၊ ပြည်သူကြားမှာပါ အဓိက အရေးကြီးကြောင်းလည်း ဆိုသည်။

“ကျနော်တို့အကြား အချင်းချင်း အပြစ်တင် ကဲ့ရဲ့တာ တွေကို ရှောင်ကြဉ်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးအရှိန်ကို ပျက်ပြားအောင် လှုံ့ဆော်နေသူ တွေကို သတိပြုပြီး တော်လှန်ရေးကို အထောက်အကူပြုမယ့် ဝေဖန်အကြံပြုချက်တွေကိုသာ ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဒူဝါလရှီးလက ဆိုသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ယင်းသည် နွေဦးတော်လှန်ရေးအတွင်း ထွက်ပေါ်လာသော တော်လှန် သော ညီညွတ်ရေး အင်အားစုဆိုသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း SCEF ကို KIO, KNU, KNPP (IEC), CNF, CRPH နှင့် NUGအစိုးရတို့ဖြင့် ကနဦးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒါဟာ အစ စုဖွဲ့မှုသာဖြစ်ပြီး SCEF ထဲ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ ထပ်မံပြီး ပါဝင်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

တော်လှန်ရေးအင်အားစုများကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှု၊ အိမ်နီးချင်းနိုင်ငံတို့၏ လွှမ်းမိုးမှုတို့ကြောင့် ညီညွတ်ရေးအတွက် အတားအဆီးများ ရှိနေဆဲဖြစ်သော်လည်း တူညီသည့် ရည်မှန်းချက်ပန်းတိုင် က တစ်နေ့မှာ ပိုမိုခိုင်မာသည့် ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ကြောင်း လည်း ဒူဝါလရှီးလ က‌ပြောသည်။

စာတည်း-ML