စစ်အုပ်စု၏ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဝက်ဘ်ဆိုက်များ ပိတ်ဆို့ခြင်းအပါအဝင် သတင်းအချက် အလက်ကန့်သတ်မှုများသည် ဒီဂျစ်တယ်ခေတ် လူငယ်များ၏ ပညာရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းကို ပိတ်ပင်စေခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
ဧပြီ၁၄ရက်၊ နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် အစည်းအဝေးတစ်ရပ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့သည်။
OHCHR ၏ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်ကျော်သည် သတင်းအချက်အ လက် ရယူပိုင်ခွင့်နှင့် ဖြန့်ဝေပိုင်ခွင့်ကို ပိတ်ပင်ခြင်းခံထားရကြောင်း၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့် အလမ်း ချို့တဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တရားမဝင် အတင်းအဓမ္မ စစ်မှုထမ်း စေခြင်းတို့သည် လူငယ်များ၏ အလားအလာနှင့် အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ UNDP ၏အ စီရင်ခံစာအရ အဆိုပါစိန်ခေါ်မှုများမှ လွတ်မြောက်နိုင်ရန်အလို့ငှာ လူငယ်ပေါင်း ၅သိန်းခန့်သည် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကြရကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
“မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကြောင့် တစ်တိုင်းပြည်လုံးလည်း ပျက်၊ လူငယ်တွေလည်း စာသင် ခန်းထဲကနေထွက်ပြီး သေနတ်ကိုင်သူကကိုင်၊ တိုင်းပြည်ပြင်ပမှာ အဆင်ပြေသလို ရပ်တည်အလုပ် လုပ်ကိုင်နေရတဲ့ကလေးတွေလည်း မနည်းဘူး။ မင်းအောင်လှိုင်က မလုပ်ရဲတာဘာမှမရှိဘူးလို့ဆိုပေ မဲ့ အာဏာမစွန့်ရဲတာတော့ သေချာတယ်။ ဒီအာဏာကြောင့် သူ့အသက်နဲ့ဘဝမပျက်တာကိုး”ဟု ရန် ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
စစ်အုပ်စုသည် မြန်မာပြည်သူတစ်ဦးချင်းကို စောင့်ကြည့်ထိန်းချုပ်ရေးစနစ်ကို (Personal Scrutinization and Monitoring System- PSMS) ကို အသက်သွင်းကာ ၎င်းတို့ကို ဆန့်ကျင်သူ များနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်သူများကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများ၊ တယ်လီ ဂရမ်အုပ်စုများနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် ချန်နယ်များကိုအသုံးပြု၍ ပြည်သူနှင့် နိုင်ငံတကာအ သိုက်အဝန်းထံ အလိမ်အညာနှင့် သတင်းအတုအယောင်များကို ဖြန့်ချိလျက်ရှိကြောင်း၊ ဝမ်းနည်းဖွယ် ရာကောင်းသည်မှာ ယင်းစောင့်ကြပ်ထောက်လှမ်းရေး အခြေခံအဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ဒေတာစင်တာများနှင့် စနစ်များသည် အခြားသော ကုလအဖွဲ့ဝင်နိုင်ငံများမှ အများစု တင်သွင်းရရှိထားခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုအပြီးတွင် နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်း ပြုကျင့်ရေး၊ နှိပ်စက်ညှင်းပန်းရေး၊ သတင်းမှားနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် အလိမ်အညာ သတင်းများဖြန့်ဝေရေးတို့အတွက် လက်နက်သဖွယ် အသုံးချလာခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေး မြန်မာပြည်သူများ၏ ဘုံကြိုးပမ်းမှုများအတွက် မြန်မာ ပြည်သူများနှင့် SCEF(ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ) အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းကြောင်း ပြောသည်။
စာတည်း-ML
