By MPA
မင်းအောင်လှိုင် ဦးဆောင်သည့် အတုအယောင်အစိုးရသစ်ဖွဲ့စည်းမှုလိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဖွဲ့စည်းလိုက်သည့် အဆိုပါ အတုအယောင်အစိုးရသစ်နှင့် ပတ်သက်၍ PSLF/TNLA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တအာင်းတပ်မတော် (TNLA) အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတစ်ဆင့် (၉) ကြိမ်မြောက် ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်၏ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ကြောင်းလည်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအဖြစ် စစ်ကောင်စီဥက္ကဋ္ဌမှ အတုအယောင်သမ္မတအဖြစ် တာဝန်ယူကာ အတုအယာင်အစိုးရသစ်ဖွဲ့စည်းမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ သဘောထားများ ထွက်ပေါ်လာနေခြင်းလည်း ဖြစ်သည်။
