အဝေးရောက်ပြည်သူများ၏ ကာယကံမြောက် ပံ့ပိုးကူညီမှုသည် နွေဦးတော်လှန်ရေး အရွေ့တစ်ခုလုံး အတွက် အလွန်အကျိုးကျေးဇူးကြီးမားကြောင်း NUGအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၅နှစ်ပြည့်နေ့ဖြစ်သော ယနေ့ ( ၂၀၂၆ခုနှစ်၊ဧပြီ၁၆ရက်)တွင် ယာယီ သမ္မတဒူဝါလရှီးလက ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့သလို ပြည်တွင်း၌ လှုပ်ရှားဆောင်ရွက်ရန် ခက်ခဲမှုများကို ပြည်ပမှ ဆောင်ရွက်ပေးနိုင်ခဲ့မှု အများအပြားရှိခဲ့ ကြောင်းလည်း ဆိုသည်။
“ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ ပြည်တွင်းလှုပ်ရှားမှုနဲ့ ပြည်ပလှုပ်ရှားမှုကို ပူးပေါင်းနိုင်ပြီး အချိန်တိုတိုအတွင်းမှာ သက်ရောက်မှု ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ပြည်ပရောက် ပြည်သူလူထုအားလုံးရဲ့ အားထုတ်မှု စေတနာတွေကို လေးနက်စွာ ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ပရောက်ပြည်သူတို့၏ ပံ့ပိုးမှုများကို ဂုဏ်ပြုစကားပြောကြား ခဲ့သည့်အပေါ် ဝမ်းသာပီတိဖြစ်မိကြောင်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ့ဖက်ဒရယ်ဒီမိုက ရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက ပြောသည်။
“ပြည်ပမှာရောက်ရှိနေတဲ့ ထောက်ပို့ပြည်သူတွေဟာ ကျည်ကွယ်ရာမှာ ရောက်ရှိနေကြပေမဲ့ ပြည်သူ လူထုရဲ့ ဆင်းရဲဒုက္ခတွေ၊ပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားချက်တွေ၊မြန်မာနိုင်ငံတစ်ခုလုံး လွတ် မြောက်ရေးအတွက်ကို မမေ့မလျော့ဘဲ ဒီနေ့အချိန်ထိအောင် လစဉ်လတိုင်း ပါဝင်နေကြတဲ့ ထောက် ပို့ပြည်သူတွေ ရှိနေခြင်းဟာ နွေဦးတော်လှန်ရေးတစ်စုံလုံးအတွက် ကြီးမားတဲ့ ခွန်အားတွေဖြစ်တယ်။ မောင်းနှင်အားတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ ငြင်းလို့မရပါဘူး။ဆက်လက်ပြီး ပါဝင်ကြဖို့ကိုလည်း ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ဦးကျော်ဆန်းက MPAသို့ပြောသည်။
နွေဦးတော်လှန်ရေးခရီးတွင် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပြီး ပြည်သူတို့၏ အားကိုးရာသည် ပြည်သူ သာလျှင်ဖြစ်ကြောင်း ယာယီသမ္မတ၏ ပြောကြားချက်မှာ အမှန်တရားဟုလည်း ဦးကျော်ဆန်းက ဆိုသည်။
“ဘယ်နိုင်ငံရဲ့ အကူအညီ အထောက်အပံ့တွေကိုမှ စောင့်နေလို့မရဘူး။မျှော်လင့်နေလို့ မရဘူး။ကျ နော်တို့ရဲ့ခရီးလမ်းကို ကျနော်တို့ပဲ လျှောက်လှမ်းရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
တော်လှန်ရေးအမြန်ဆုံး အောင်မြင်ရေးအတွက် ပြည်တွင်း၊ပြည်ပ အင်အားစုများ၊ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသော PDFရဲဘော်များနှင့် ထောက်ပို့ပြည်သူများအားလုံး အချိတ်အဆက်မိမိဖြင့် စည်းလုံးညီညွတ်ကြရန်လိုကြောင်းလည်း ၎င်းက ပြောသည်။
တောင်ကိုရီးယားရောက် မြန်မာအင်အားစုများသည် နွေဦးတော်လှန်ရေးအတွက် လစဉ် ကျပ်သိန်း သောင်းနှင့်ချီ ပံ့ပိုးလျက်ရှိသည်။
စာတည်း-ML
