လသာတွင် ညသန်းခေါင်ကျော်အချိန် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျ

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ပုံစာ-ကယ်ဆယ်ရေးပြုလုပ်နေစဉ်။

ရန်ကုန်မြို့တွင်း၊ လသာမြို့နယ်တွင် ညသန်းခေါင်ကျော်အချိန်၌ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ၁၇ရက်)နံနက် သန်းခေါင်ကျော် ၁နာရီ၅၈မိနစ်ခန့်တွင် လသာမြို့နယ်၊ ၈ ရပ် ကွက်၊မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ပြီး အောက်ရှိ ဂမုန်းပွင့်အဆောက်အအုံ ပေါ်တီကိုအမိုးပေါ် တင်နေခဲ့ရာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ညတော်တော်နက်နေပြီဆိုတော့ ဖြစ်ဖြစ်ချင်း မသိလိုက်ဘူး။ဒီမနက်ကျမှ သိတာ။ သတင်းတွေက တော့ အမျိုးမျိုးပြောကြတာပဲ။ဒါပေမဲ့၊ဘယ်သူမှ တပ်အပ်မြင်တာမျိုး မရှိဘူး။ ကျနော်ကတော့ ထင်မြင်ချက် မပြောချင်ဘူး”ဟု လသာမြို့၊၁၈လမ်းအနီးနေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။

ပြုတ်ကျသည့် အမျိုးသားကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် သွားရောက်ကယ်ဆယ်ခဲ့ပြီး လသာမြို့နယ်၊၂ရပ်ကွက်၊ ၁၇လမ်း(အထက်)ပရဟိတ အသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေး ရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။