အာဏာသိမ်းစစ်အစိုးရ ပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုကျတော့ တရားမဝင်ကြောင်း ဘာ့ကြောင့် မပြောကြတာလဲလို့ ဒီရက်ပိုင်းအတွင်း မေးခွန်းထုတ်သံတွေ ကြားလာရတယ်။
အခု စစ်ကော်မရှင်ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို တရားမဝင်အတုအယောင်ရွေးကောက်ပွဲပါလို့ ဒီမိုကရေစီအင်အားစုတို့ရဲ့ ပြောကြားချက်အပေါ် စစ်ကော်မရှင်ရွေးကောက်ပွဲဝင်ကြမယ့် ပါတီဝင်တချို့ရဲ့ ကောင်တာ တုံ့ပြန်ချက်။
သူတို့ရဲ့ တုံ့ပြန်ချက်က အမှန်ပဲ။၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်တဲ့ စစ်အစိုးရဆိုတာက တစ်ကျော့ တည်းတင်မက ၂ ကျော့ပြန် အာဏာသိမ်းခဲ့သူတွေလို့တောင် ပြောနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေ။ပထမအကျော့ က ၁၉၈၈ ခုနှစ်မှာ ပထမအာဏာရှင်နေဝင်းရဲ့ နတ်ဆိုးခရာသံအရ ဗိုလ်စောမောင်ဦးဆောင်တဲ့စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်ကာ အာဏာသိမ်းခဲ့တယ်။
၁၉၈၈ခုနှစ်၊ရှစ်လေးလုံးအရေးတော်ပုံကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို မြန်မာ့နိုင် ငံရေးစင်မြင့်ထက်ကနေ သမိုင်းအမှိုက်ပုံထဲအရောက် ကန်ချလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို အသက် ဆက်ဖို့ရာ စစ်ဗိုလ်ချုပ်တွေက လိုအပ်လာရင် အရှက်မဲ့ကြောင်း သက်သေအဖြစ် အာဏာ သိမ်းခဲ့ပေမဲ့ အာဏာ သိမ်းခေါင်းဆောင် ဗိုလ်စောမောင်က ၁၉၉၀ပြည့်နှစ် မှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ အနိုင်ရပါတီကို အာဏာ လွှဲအပ်ကာ စစ်သားတွေ စစ်တန်းလျားပြန်ကြမယ်လို့ ကတိပြု။
စစ်ဗိုလ်ချုပ်တွေက သူတို့စစ်အုပ်စုဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)အနိုင်ရလိမ့် မယ်လို့ စစ်ဗိုလ်ချုပ်တို့ထုံးစံအတိုင်း ဘဝင်ကြီးတခွဲသားနဲ့ အတွက်အချက်လွဲကာ ရွေးကောက်ပွဲကျင်းပခဲ့ပုံပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာကြောင့် စစ်တန်းလျား ပြန် မယ်လို့ ကတိပြုထားတဲ့ ဗိုလ်စောမောင်ကိုဖြုတ်၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပြည်သူရွေးချယ်ခံ လွှတ်တော် အမတ် တွေကို ထောင်ထဲ ထည့်လိုက်ခြင်းက နောက်တစ်ကြိမ် အာဏာသိမ်းလိုက်တဲ့သဘောပါပဲ။
အဲဒီနောက် ခေါင်းပေါင်းကြီးဖြစ်လာတဲ့ သန်းရွှေဟာ နေဝင်းကစလို့ ရှင်းစရာရှိတဲ့ ဗိုလ်ချုပ်ကြီး၊ငယ် တွေကို အကုန်ရှင်းကာ ဒုတိယစစ်အာဏာရှင်တစ်ခေတ်ကို ထူထောင်။စစ်တစ်ပိုင်းဒီမိုကရေစီကို ဖော်ဆောင် မယ့် အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲပြီးနောက် စစ်အုပ်စုဝင် ပြည်ခိုင်ဖြိုးပါတီ ကျိန်းသေပေါက်နိုင်မယ့် ၂၀၁၀ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ရုံတင်မက ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့ကို သန်းရွှေစိတ်ကြိုက် ဖွဲ့စည်းခဲ့ပြီးသား။
တရားမဝင်အာဏာသိမ်းစစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈အခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲဟာ တ ရားဝင်မှုမရှိပေမဲ့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်ကာ စစ်တစ်ပိုင်းလွှတ်တော်ထဲ ဝင်သွားခြင်းက တရားမဝင်တဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ကာယကံမြောက် တရားဝင်မှုပေးလိုက်ခြင်းဖြစ်တယ်။ဘာ့ကြောင့် တရားမဝင်တဲ့ ခြေဥနဲ့ ရွေးကောက်ပွဲကို အတည်ပြုခဲ့တာလဲ။
အဓိကကျတဲ့ ပထမအချက်က စစ်အစိုးရရဲ့ တရွတ်တိုက်ဆွဲခေါ်မှုကို တန်ပြန်ဆန့်ကျင်ခုခံနိုင်စွမ်းမရှိ ခြင်းကြောင့်ပါပဲ။စစ်အစိုးရဟာ ဒီမိုကရေစီအင်အားစုတွေကိုရော ပြည်သူတွေကိုပါ အပြင်းအထန်ဖိနှိပ်ခဲ့ရာမှာ ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးစိတ်ဓာတ်ကို ချေမှုန်းပစ်နိုင်စွမ်းမရှိပေမဲ့ ပြည်သူတို့ရဲ့ ဒီမိုကရေစီရရှိရေး လူထု တိုက်ပွဲဟာလည်း စစ်အစိုးရရဲ့ ခြေလှမ်းတွေကို ဟန့်တားနိုင်စွမ်းမရှိကြောင်း ကမ္ဘာကျော် ရွှေဝါရောင် တော်လှန်ရေး က သက်သေခံနေပါတယ်။
အဓိကကျတဲ့ နောက်တစ်ချက်က စစ်တစ်ပိုင်းဒီမိုကရေစီရွေးကောက်ပွဲကနေ အစိုးရတစ်ရပ်ဖွဲ့စည်း နိုင်ခြေ မျှော်လင့်ချက်ရောင်ခြည် ရှိနေခြင်းပါ။ အခြေခံဥပဒေက စစ်တပ်၊ပြည်ခိုင်ဖြိုးနဲ့ သူတို့ရဲ့အနွယ်ပါတီ တွေ ကို အစိုးရဖွဲ့နိုင်ဖို့အတွက် ၂၅ရာခိုင်နှုန်း အကျောပေးထားရပေမဲ့ ပြည်သူသာ NLDပါတီကို ပုံအောခဲ့ရင် အစိုးရမဖွဲ့နိုင်စရာမရှိဘူးဆိုပြီး ပြည်သူကို ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တစ်ပိုင်းလွှတ်တော်ထဲ ရဲရဲ ဝံ့ဝံ့ ခြေချခဲ့ခြင်း ဖြစ်တယ်။
မျှော်လင့်ထားသလိုပဲ ၂၀၁၅ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ပုံအောမှုတွေကြောင့် NLD ပါတီ လွတ် လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့ရုံတင်မက ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကိုဗစ်ရောဂါ ပင်လယ်နာကြီးကြား ပြည်သူတို့ရဲ့ ထပ်မံပုံအောမှုက မိုးပြိုလာသလိုမျိုး။
၂၀၂၀ ရွေးကောက်ပွဲက စစ်အုပ်စုတွေ ဒီတစ်သက် အာဏာပြန်ရစရာအကြောင်းမရှိတော့ဘူးလို့ အတိအလင်း ပြောပြခဲ့လေတော့ စစ်ဗိုလ်ချုပ်တွေက အစဉ်အလာမပျက် မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ၂၀၂၁မှာ စတင်လိုက်တယ်။အရင့်အရင် အာ ဏာသိမ်းပွဲတွေတုန်းကလို ပြည်သူလေး နည်းနည်းပါးပါး သတ် ပြပြီးရင် ပလ္လင်ပေါ် ဒူးနှန့်ရုံပဲလို့ လျှော့တွက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ ပြည်သူ့ခုခံစစ်နဲ့ ကြုံလိုက်ရတဲ့အခါ ရှော့ခ်ရသွားပြီးနောက် ဖြစ်ချင်ရာဖြစ် မထူးဇာတ်ခင်းတော့တယ်။မင်းအောင်လှိုင်ရဲ့ ပြည်သူအပေါ် အကြမ်း ဖက် ခိုးဆိုးလုယက် မီးရှို့ သတ်ဖြတ်မှုက တစ်ချိန်က ဖက်ဆစ်လို့ခေါ်တဲ့ ဂျပန်တွေတောင် အခါ ၁၀၀ ပြန်မက ဆလံတရတဲ့အထိ ကမ်းကုန်။
မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ် အကျည်းတန်နေတဲ့ အစင်းလိုက် ဓားချက်ကို မြင်နေသလို နောက် တစ်ကြိမ် နောင်တမကြီးစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီကို မြန်မာ့ နိုင်ငံရေးပလက် ဖောင်းပေါ်ကနေ ရှင်းပစ်။ပြီးတော့ ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်အုပ်စုသာ အစိုးရဖွဲ့ နိုင်မယ့် ရောသမ ရွေးကောက်ပွဲစနစ်သို့လည်း ပြုပြင်ကာ၂၀၂၅နှစ်ကုန်မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဆိုတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုနဲ့ ဒီမိုပြည်သူတွေက တရားမဝင် အတုအယောင်ရွေးကောက်ပွဲလို့ တညီတညွတ်တည်း တစ်သံတည်း ထွက်ကြတယ်။ဘာ့ကြောင့် ဒီလောက် တောင် အသံထွက်ကျယ်နေကြတာလဲ။အဓိကအချက်က သူတင်ကိုယ်တင် ယှဉ်ပြိုင်ထိုးသတ်နိုင်တဲ့ လက် နက်ကိုင်တပ်ဖွဲ့တွေ ရှိနေခြင်းကြောင့်ပါပဲ။
အကြမ်းဖက်သမားတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ အနိုင်ရဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်မှန်း ပြည်သူတွေ ကိုယ်တိုင် အခိုင်အမာ ယုံကြည်ကြခြင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို မွေးဖွားပေးခဲ့သလို ၁၀၂၇စစ်ဆင်ရေးက စစ်အုပ်စုကို အရေးပေါ်ခန်းထဲအထိ ပို့ပစ်လိုက်နိုင်ခြင်းက ပြိုင်တူတွန်းမယ်ဆို ဒီစစ်တပ် ပြိုမယ်ဆိုတဲ့ ယုံကြည်မှုလည်း ရခဲ့ကြပါတယ်။လက်ရှိမှာ တရုတ်ကြီးရဲ့ ကယ်မမှုအရ စစ်တပ်ဟာ အရေးပေါ် ခန်းထဲကနေ ပြန်ထွက်လာကာ နေရာတချို့မှာ တန်ပြန်ထိုးစစ် အသာပြန်ရလာနေပေမဲ့ တော်လှန်ရေးတပ် တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၀ကျော်ကို အချိန်တိုအတွင်း အလွယ်တကူပြန်သိမ်းနိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တာကလည်း ကျစ်ကျစ်ပါဆုပ်ထားတဲ့ လက်သီးအတွက် ခွန်အားပါပဲ။
နောက်တစ်ချက် စစ်ဆေးကြည့်ရမှာက စစ်ကော်မရှင်ရွေးကောက်ပွဲဟာ ၂၀၁၀ရွေးကောက်ပွဲအလွန် ကာလတွေလို အသွင်ကူးပြောင်းမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သလားဆိုတာကိုပါ။စစ်ကော်မရှင်ရွေး ကောက်ပွဲစနစ်က စစ်အုပ်စုသာ အစိုးရဖွဲ့နိုင်ဖို့ ကြိုတင်ပြဌာန်းပြီးဖြစ်သလို အခု ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေ စီပါတီလိုလိုဘာလိုလို ရင်ဘတ်ကြီး ကော့ကော့ပြနေတဲ့ ပါတီတွေပေါင်းလိုက်လည်း စစ်အုပ်စုဝင် ပြည်ခိုင်ဖြိုး ပါတီကို မနိုင်ပါဘူး။
စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်တယ်ဆိုတာ အာဏာသိမ်းစစ်အုပ်စုကို ရွေးကောက်ခံအစိုးရအ သွင် လူယောင်ဆောင်ဖို့၊ကျူးလွန်ထားသမျှ ရာဇဝတ်မှုတွေကို ခဝါချနိုင်ဖို့နဲ့ ဒီမိုကရေစီအနံ့ထည့်ထားတဲ့ စစ် အာဏာရှင်စနစ် ရာသက်ပန် တည်မြဲဖို့ဆိုတာ ထမင်းစားသူတိုင်း သိပြီးဖြစ်ပါတယ်။အဲဒီအတွက် ရွေးကောက် ပွဲဝင်တဲ့ ပါတီတွေကို အရိုးအရင်းအာဏာ နည်းနည်း ပစ်ကျွေး၊လွှတ်တော်ထဲ ခေါင်းပေါင်းစ ထောင်ခွင့် နည်း နည်းပေးပြီး လွှတ်တော်ကို လွှတ်တော်နဲ့တူအောင် ရေမလာ မီးပျက် မီးရထားအချိန်မှန်မထွက်ဘူး ဆိုတာထက် ပိုလည်းနည်းနည်း လက် သီးလက်မောင်းတန်းမေးခွန်းထုတ်ခွင့်ပေး။ဒီလောက်ပါပဲ။
ပြောရရင် မင်းအောင်လှိုင်လိုချင်တဲ့ လွှတ်တော်ဆိုတာ ကိုက်စရာသွားမပါတဲ့ ခွေးတွေလို ဟောင်သာ ဟောင်တတ်တဲ့ ဘာမှ အရာမရောက်တဲ့လွှတ်တော်မျိုး။လွှတ်တော်ထဲ သင်္ကြန်အမြောက်တွေ ပစ်ဖောက်လို့ရ ပေမဲ့ ပစ်ချင်တိုင်းပစ်လို့ရမယ်လို့လည်း စိတ်ကူးမယဉ်နဲ့။နည်းနည်းပါးပါး လူကြားကောင်းတယ်ဆိုရုံထက် မပို မိစေနဲ့။
အဲဒီလို ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်အုပ်စုသာ အစိုးရဖွဲ့နိုင်ပြီး တောင်အော်မြောက်အော်သာ နည်းနည်းပါးပါးအော်ခွင့်ရမယ့်လွှတ်တော်ကနေ အသွင်ကူးပြောင်းရေးဆိုတာ ဖြစ်မလာနိုင်မှန်း နိုင်ငံရေးသိပ် သိစရာမလိုဘဲ ဘယ်သူမဆို ဟောကိန်းထုတ်နိုင်ပြီးသား။
ဒါ့ကြောင့် စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆိုတာကို တော်လှန်ရေးအရှိန် အဟုန် ဆက်လက်မြှင့်တင်ခြင်းနည်းနဲ့ တုံ့ပြန်ခြင်းကလွဲလို့ တခြားမရှိ။
စစ်ကော်မရှင် ရွေးကောက်ပွဲလမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးစရာ နိတ္ထိ။
