လေထုအရည်အသွေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မဲဟောင်ဆွန်တို့ကို ညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။
အမျိုးသားပတ်ဝန်းကျင်ဘုတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တစ်ခုကို တော်ဝင်ဂေဇက် (Royal Gazette) ဝက်ဘ်ဆိုက်က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ဘန်ကောက်နှင့် မြောက်ပိုင်းပြည်နယ်လေးခုကို တရားဝင် “ညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များ” အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ဘန်ကောင်တွင် နှစ်စဉ်နိုဝင်ဘာလမှ မတ်လအထိ ဆိုးရွားစွာဖြစ်ပေါ်နေသော လေထုအရည်အသွေး ပြဿနာများကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းပြဿနာများသည် သတ်မှတ်ထားသော လေထုအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည်မှာ အမြဲတစေဖြစ်နေသည်။
ယင်းလေထုညစ်ညမ်းမှုသည် ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ရေရှည်တွင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၄/၂၅၆၈ အစည်းအဝေးတွင် အမျိုးသားပတ်ဝန်းကျင်ဘုတ်အဖွဲ့သည် ညစ်ညမ်းမှုကို ထိန်းချုပ်ရန်၊ လျှော့ချရန်နှင့် ဖယ်ရှားပစ်ရန် ရည်ရွယ်သည့် အစီအမံများကို အကောင်အထည်ဖော်ရန်အတွက် ဘန်ကောက်ကို နှစ်စဉ်နိုဝင်ဘာလမှ မတ်လအထိ အကျုံးဝင်မည့် ညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။
အလားတူပင် ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မဲဟောင်ဆွန်ပြည်နယ်များကိုလည်း ညစ်ညမ်းမှု လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် နှစ်စဉ်ဖေဖော်ဝါရီလမှ မေလအထိ အကျုံးဝင်မည့် ညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်များအဖြစ် သတ်မှတ်ခဲ့သည်။
