ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဥသျှောင့်ဌာနီပြည်နယ်၊ နောင်ချန်းခရိုင်၊ ထွန်းဖိုးကျေးရွာအုပ်စု၊ ဘန်းရောင်ဆီမိုင်ကျေးရွာတွင် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)၊ မွန်းလွဲ သုံးနာရီခန့်က နှစ်လသားအရွယ် ကလေးငယ်တစ်ဦးကို ပစ်ဘူးလ်ခွေးတစ်ကောင်က ကိုက်သတ်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းရဲဝန်ထမ်းများသည် အခင်းဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်များကို မေးမြန်းမှုများပြုလုပ်ခဲ့သည်။
အိမ်ပိုင်ရှင်ပြောကြားချက်အရ ကလေးငယ်၏ မိဘများသည် နှစ်လသား သမီးငယ်ကို တွန်းလှည်းဖြင့် ထည့်ပြီး ပြန်သုံးနိုင်သည့် ပစ္စည်းများကောက်ယူနေ့စဉ် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိဘများ အလုပ်လုပ်ကိုင်နေချိန်တါင် အိမ်ပိုင်ရှင်၏ “Big”ဟု အမည်ရသော ပစ်ဘူးလ်ခွေးသည် အိမ်ထဲမှထွက်လာပြီး တွန်းလှည်းနားသို့ ချဉ်းကပ်ကာ အနံ့ခံခဲ့ကြောင်း၊ ထို့နောက် ကလေးငယ်အော်သံကို အိမ်ရှင်ကကြားခဲ့ပြီး အပြင်သို့ အပြေးအလွားထွက်ကြည့်ရာ Big သည် ကလေးငယ်အား ပါးစပ်ဖြင့် ကိုက်ချီထားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်က ခွေးအား ကလေးကို လွှတ်ပေးရန် ချက်ချင်းအမိန့်ပေးခဲ့ပြီးနောက် ခွေးသည် ကလေးငယ်ကို အနီးရှိ ရေမြောင်းထဲသို့ ပစ်ချခဲ့သည်။
အိမ်ရှင်နှင့် ကလေးမိဘများသည် ဒဏ်ရာရရှိထားသော ကလေးငယ်ကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့သော်လည်း ခွေးကိုက်ထားသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
